ဟင်္သာတ စက်တင်ဘာ ၄
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးသည်။
ဦးစွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပါင်းမှတ်တမ်းတင်ရိုက်ကူးကြကာ ပါဝင်ကူညီခဲ့သည့် ဘင်ခရာတီးဝိုင်းများ၊ ပန်းဖွားအကအဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်အခမ်းအနားကို အ.ထ.က (၁) ဟင်္သာခန်းမ၌ကျင်းပရာ အ.ထ.က (၄) ကျောင်းသား ကျောင်းသူများက “ထိန်းသိမ်းစို့လေ စာပေအမွေ” သီချင်းများဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် “ မိမိတို့ တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို မြို့နယ် ၂၆ ခုတွင် ကျင်းပပေးသွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲကလည်း ပညာရည်မြှင့်တင်ရေးလုပ်ရှားမှုများကို အားပေးမြှင့်တင်ရန် လိုအပ်တဲ့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူစွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူအားလုံး စာဖတ်ကြရန်လိုပါကြောင်း၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်ကို အသုံးပြုတတ်ကာ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေပြီး ဘက်စုံးဖွံ့ဖြိုး၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်” စသည့် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စာစီစာကုံး (အထက်တန်းဆင့်နှင့် အလယ်တန်းဆင့်) ပြိုင်ပွဲများ၊ အလယ်တန်းဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ အထက်တန်းနှင့် အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသားကျောင်းသူများအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုငွေများ ဆုချီးမြှင့်ပေးအပ်ကြပြီး ကျေးရွာစာကြည့်တိုက်များအတွက် လှူဒါန်းသည့် စာအုပ်စာစောင်များနှင့် ကပြဖျော်ဖြေပေးကြသော ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃ သိန်းပေးအပ်ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က လက်ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး အ.မ.က (၅) ကျောင်းသူလေးများက “အလှကမ္ဘာမြေ” သီးချင်းဖြင့် ကပြဖျော်ဖြေကြပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြခန်းများ၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြခန်း၊ ဖွံ့ဖြိုးဝေစည်ဧရာဝတီပြိုင်ပွဲဝင် ဓာတ်ပုံပြခန်းမ၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြခန်းနှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများတွင် ခါးကွင်းလှည့်ပြိုင်ပွဲ၊ ပင်ဘောင်သီး လက်ဆင့်ကမ်းသယ်ပြိုင်ပွဲ၊ စကားပုံဆက်အရုပ်ဆက်ပြိုင်ပွဲများနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)