နေပြည်တော် စက်တင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့’’ သီချင်းဖြင့်လည်းကောင်း၊ “အလှဆုံးပန်းများပွင့်ကြပြီ’’ သီချင်းဖြင့်လည်းကောင်း သီဆို၍ တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ကြပြီး “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယို Clip ပြသခဲ့သည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်း တာဝန်ယူမည့်သူများဖြစ်သည့်အတွက် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များကို အဓိက ပြုစုပျိုးထောင်ပေးရမှာဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်များကိုအခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာတွင် သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်က အားကိုးအားထားရသော သားကောင်း၊ သမီးကောင်း ပညာရှင်များပေါ်ထွန်းရေးအတွက် ကြိုးစားကြရမှာဖြစ်ကြောင်း၊ စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းသည် လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန် စာပေလေ့လာဖတ်ရှုနိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို မြှင့်တင်ရာတွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ KG+9 ပြီးမြောက်အောင်မြင်စေရေး၊ ကျောင်းနေရာခိုင်နှုန်းတိုးတက်မြင့်မားရေး၊ တန်းစဉ်ကူးပြောင်းမှု တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကို ပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ စာတတ်ရုံ၊ အသိပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန် ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ/ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အဆင့်မြင့်ပညာကျောင်းများတွင် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ရေနံ့သာမောင်ကျော်ညွှန့်က စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးခဲ့သည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်လှူဒါန်းကြသည့် အလှူရှင်များနှင့် စာရေးဆရာ ရေနံ့သာမောင်ကျော်ညွှန့်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
အခမ်းအနားအပြီးတွင် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ အတွင်းရေးမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက စာအုပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲအသီးသီးမှ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)