ရန်ကုန် စက်တင်ဘာ ၃
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားရှိသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၈၈) ကြိမ်မြောက် ထုတိအနုမောဒနာ ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးညွန့်သင်းနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ သ•စ•အဓမ္မာစရိယ ပါဠိပါရဂူ တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးအဖွဲ့ သြဝါဒါစရိယ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှ ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်) ထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။
ယနေ့ကျင်းပသော အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေသင်္ကန်းတော် ရွှေပြားအလှူရှင် ၉၀ က ခြောက်ကျပ်သား ရွှေပြား ကိုးချပ်၊ သုံးကျပ်သား ရွှေပြား ခုနစ်ချပ်နှင့် တစ်ကျပ်သား ရွှေပြား ၉၆ ချပ် စုစုပေါင်း ရွှေစင်ရွှေပြား ၁၁၂ ချပ် လှူဒါန်းခဲ့ပြီး ငွေသားအလှူရှင် ၁၀၃ ဦးအပါအဝင် စုစုပေါင်းလှူဒါန်းငွေ ၂၀၇၈၃၂၀၅၉၇ ကျပ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်