ဟားခါး စက်တင်ဘာလ ၃
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ချင်းပြည်နယ်အစိုးရအဖွဲရုံး ပြည်နယ်အထွေထွေဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စာပေဟောပြောပွဲဆိုတာ စာပေအပိုင်း အခြားနယ်ပယ်များမှ စကားပြောဆိုခြင်းနှင့် ရင်ဆိုင်ရခြင်းများကို အထူးသုံးသပ်ခြင်း၊ စာပေအကြောင်း ထင်မြင်ချက်များကို အခြေခံပြီး ရှင်းလင်းပေးခြင်းဖြစ်ကြောင်း၊ စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်က စာပေ၏ အရေးပါမှုနှင့် စာပေ၏ အကြောင်းအရာများကို လူအများ သိစေရန် ၊ စာပေဟောပြောပွဲတွင် စာပေ၏ အကျိုးကျေးဇူးနှင့် အရေးပါမှုကို သိရှိစေရန်နှင့် စာပေဟောပြောပွဲ များပြုလုပ်ခြင်းဖြင့် စာပေအပေါ် စိတ်ဝင်စားသူများ ပိုမိုများပြားလာစေရန်တို့ဖြစ်ပါကြောင်း၊ စာပေ ဟောပြောသည့် ပုဂ္ဂိုလ်များအနေဖြင့် ဟောပြောရာတွင် စာအုပ်စာပေ ဖတ်ရှုလေ့လာ မှတ်သားမှုမရှိဘဲ ဟောပြော၍မရပါကြောင်း၊ တခြားသူများကို ပြန်လည်မျှဝေပေးနိုင်ရန်တွက် တိကျမှန်ကန် သည့် အကြောင်းအရာများဖြစ်ရန် စာအုပ်ပေါင်းများစွာကို ဖတ်ရှုရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ စာပေဟောပြောပွဲ နားထောင်ခြင်းမှသည် စာဖတ်သည့်အလေ့အထ ဖြစ်ထွန်းလာစေရေးတို့အတွက် ယခုကဲ့သို့ စာပေဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် စာပေဟောပြောပွဲတက်ရောက်လာသူ အားလုံးအတွက် အကျိုးရှိသည့် ဟောပြောပွဲတစ်ခုဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် ဟားခါးတက္ကသိုလ် မြန်မာစာပါမောက္ခဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက မြန်မာ စာပေဖြင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ သမိုင်းပါမောက္ခဌာနမှူး ဒေါက်တာနန်းလှိုင်က ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဥပဒေပညာဌာန တွဲဖက်ပါမောက္ခ ဌာနမှူး ဦးညီညီကျော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရခြင်းအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောကြသည်။
ယင်းနောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာပေဟောပြောပွဲတွင် မြန်မာစာပေဖြင့် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောပေးသော ဟားခါးတက္ကသိုလ် မြန်မာစာ ဌာနပါမောက္ခ/ဌာနမှူး ဒေါက်တာမျိုးမင်းထွန်း၊ ဝန်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည် ခေါင်းစဉ် ဖြင့် ဟောပြောပေးပါသော သမိုင်းပါမောက္ခဌာနမှူး ဒေါက်တာနန်းလှိုင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရခြင်းအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် ဟောပြောပေးပါသော ဥပဒေပညာဌာန တွဲဖက်ပါမောက္ခ ဌာနမှူး ဦးညီညီကျော်တို့အား ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဟောပြောပွဲ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)