နေပြည်တော် စက်တင်ဘာ ၂
(၁၉) ကြိမ်မြောက်အာရှမီဒီယာထိပ်သီးညီလာခံ၏ ဆက်စပ်အစည်းအဝေးများ (19th ASIA MEDIA SUMMIT & ASSOCIATED MEETINGS) ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(AIBD) မှ စီစဉ်ကျင်းပလျက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးရဲနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါ ထိပ်သီးညီလာခံကို “ Media : The New Odyssey ” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများနှင့် မီဒီယာနှင့်ရုပ်သံထုတ်လွှင့်မှုများ၊ AI ၏ ရှုထောင့်အမျိုးမျိုး၊ သင်ယူခြင်းနှင့် တိုးတက်မှုများအတွက် ပူးပေါင်းအားထုတ်မှုများကို ယင်းထိပ်သီးညီလာခံအကြို ဆက်စပ်အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများ စုစုပေါင်းအကြောင်း အရာ(၁၀)ခုဖြင့် စီစဉ်ကျင်းပရာ အာရှ-ပစိဖိတ်ဒေသမှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးများ၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ မီဒီယာကဏ္ဍ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ၊ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ အာရှ - ပစိဖိတ်ဒေသတွင်းမှ ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အနေဖြင့် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် IPPTAR, Angkasapuri ၌ ကျင်းပသည့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ခြင်းနှင့် မီဒီယာသိနားလည်မှု မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ မွန်းလွဲပိုင်းတွင် Sheraton Hotel ၌ ကျင်းပသည့် 22nd AIBD General Confere-nceသို့ တက်ရောက်သည်။
ဆက်လက်၍ စက်တင်ဘာ ၂ ရက်တွင် IPPTAR Training Room ၌ ကျင်းပသည့် ထိခိုက်လွယ်အုပ်စုများအတွက် မီဒီယာလက်လှမ်းမီမှုမြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Pre-Su-mmit Workshop on Promoting Media Accessibility for Vul-nerable Groups)ကို အပိုင်း(၄)ပိုင်းဖြင့် ကျင်းပရာ ထိခိုက်လွယ်သော အုပ်စုများနှင့် စည်းရုံးရေးဗျူဟာများအတွက် မီဒီယာအရေးပါမှု၊ မီဒီယာ Content များ ဖန်တီးမှုအတွက် အကောင်းဆုံးအလေ့အထများ၊ ထိခိုက်လွယ်သော အုပ်စုများအတွက် အားလုံးပါဝင်သော ရုပ်သံထုတ်လွှင့်ခြင်း၊ ထိခိုက်လွယ်သော အုပ်စုများအတွက် မီဒီယာကဏ္ဍမြှင့်တင်ခြင်း စသည့်အကြောင်းအရာများအလိုက် ဦးစွာဆွေးနွေးကြပြီး နိုင်ငံများအလိုက် အတွေ့အကြုံမျှဝေသည့် အစီအစဉ်ကို ဆက်လက်ကျင်းပရာ အိန္ဒိယ၊ ပါကစ္စတန်၊ မြန်မာ၊ မလေးရှားနှင့် ပါပူအာနယူးဂီနီနိုင်ငံတို့ ပါဝင်ဆွေးနွေးကြရာ မြန်မာနိုင်ငံအကြောင်းအရာအား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ထိခိုက်လွယ်သော အုပ်စုများအတွက် မီဒီယာလက်လှမ်းမီမှုမြှင့်တင်ခြင်းနှင့် စပ်လျဉ်း၍ ပါဝင်ဆွေးနွေးသည်။
ထို့ပြင် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် တစ်ပြိုင်တည်း ကျင်းပသည့် သတင်းခန်းများတွင် AI အသုံးပြုမှုဆိုင်ရာ ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲနှင့် ရုပ်သံထုတ်လွှင့်မှုအရွေ့တွင် 5G trends ဖြင့် 4K ထုတ်လွှင့်မှုဆိုင်ရာ ဒေသ အဆင့် အလုပ်ရုံဆွေးနွေးပွဲများသို့လည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးအရာရှိ ဦးမြင့်လှိုင်နှင့် လက်ထောက်အင်ဂျင်နီယာ ဦးထက်အောင်တို့ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါ အာရှမီဒီယာထိပ်သီး ညီလာခံသည် ထင်ရှားကျော်ကြားသည့် Media Event တစ်ခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင်းရှိ မီဒီယာလုပ်ငန်းများ ချိတ်ဆက်ရန်၊ အသိပညာဗဟုသုတများ ဆွေးနွေး မျှဝေရန်နှင့် ရုပ်သံလွှင့်လုပ်ငန်းများ၏ အနာဂတ်ကိုဆွေးနွေးရန် မီဒီယာကျွမ်းကျင်သူများအတွက် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (AIBD)ကို ၁၉၇၇ ခုနှစ်တွင် ယူနက်စကို၏ ဦးဆောင်မှုဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရုပ်/သံထုတ်လွှင့်မှုနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရန် ကတိကဝတ်ပြုထားသော ဒေသဆိုင်ရာ အစိုးရများအကြား ပူးပေါင်းဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်ရာ အာရှ-ပစိဖိတ်ဒေသတွင်တက်ကြွ၍ ညီညွတ်သောအီလက်ထရောနစ်မီဒီယာ ဝန်းကျင်မြှင့်တင်မှုတွင် အခရာကျသည့် အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် AIBD သို့ တင်းပြည့်အဖွဲ့ဝင် (full membership) အဖြစ် ၁၉၉၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အသင်းဝင်စည်းကမ်းများနှင့်ကိုက်ညီစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ AIBD မှ စီစဉ်ကျင်းပသည့် သင်တန်းများ၊ အစည်းအဝေးများ၊ Seminar များ၊ Conference များနှင့် Online မှ ပြုလုပ်သောသင်တန်းများသို့ သက်ဆိုင်ရာပညာရပ်အလိုက်ဝန်ထမ်းများ ပါဝင်တက်ရောက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်