Skip to main content

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ (၂/၂၀၂၄-၂၀၂၅) အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၂

ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၂/၂၀၂၄-၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့် မြန်မာနိုင်ငံဘဏ်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေကို စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာသူများမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အကြံပြုဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် ချေးငွေအဆိုပြုလွှာများ လက်ခံရရှိမှုအခြေအနေကိုလည်းကောင်း၊ Participating Financial Institutions (PFI)ဘဏ် နှစ်ဘဏ်ဖြစ်ကြသည့် မြန်မာ့စီးပွားရေး ဘဏ်နှင့်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများက စဉ်ဆက်မပြတ် ချေးငွေထုတ်ချေးနေမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဆီစက်ဖွံ့ဖြိုးရေးချေးငွေများ လျင်မြန်စွာတိုးချဲ့ထုတ်ချေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်