ရန်ကုန် စက်တင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၏ ဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး(၈/၂၀၂၄)ကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းရှိ ဗဟိုအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင်၊ ဦးအောင်ဇော်ဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးခင်ဝေ၊ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးတင်မောင်လတ်၊ ဦးလှဝင်း၊ ဦးမြအေး၊ ဘဏ္ဍာရေးမှူး ဦးလှကြူ၊ ပြန်ကြားရေးမှူး ဦးအောင်မျိုးသန့်၊ စာရင်းစစ် ဦးလှကျော်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ လူမှုရေးရာလုပ်ငန်းအဖွဲဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ ဒေါ်ခင်မြသွေးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဆပ်ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် ဗဟိုကော်မတီဝင်များက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးတင်ပြကြပြီး ဗဟိုဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ခဲ့သည်။
သတင်းစဉ်