ရန်ကုန် ဩဂုတ် ၃၁
(၁၉) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ (19th ASIA MEDIA SUMMIT & ASSOCIATED MEETINGS) ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) က စီစဉ်ကျင်းပမည်ဖြစ်သည်။
အဆိုပါညီလာခံကို “Media : The New Odyssey” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများနှင့် မီဒီယာနှင့်ရုပ်သံထုတ်လွှင့်မှုများ၊ AI ၏ ရှုထောင့်အမျိုးမျိုး၊ သင်ယူခြင်းနှင့် တိုးတက်မှုများအတွက် ပူးပေါင်းအားထုတ်မှုများကို အာရှ-ပစိဖိတ်ဒေသမှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးများ၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာ မီဒီယာကဏ္ဍ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ၊ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ အာရှ-ပစိဖိတ်ဒေသတွင်းမှ ဆက်စပ်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်မည်ဖြစ်သည်။
အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်၍ ဦးစီးအရာရှိ ဦးမြင့်လှိုင်၊ လက်ထောက်အင်ဂျင်နီယာ ဦးထက်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ဖြင့် ထွက်ခွာသွားရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ထိပ်သီးညီလာခံအကြိုကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲ ၁၀ ခု ဖြစ်သည့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ခြင်း၊ မီဒီယာသိနားလည်မှုမြှင့်တင်ခြင်း၊ ထိခိုက်လွယ်အုပ်စုများအတွက် မီဒီယာမြှင့်တင်ခြင်း၊ သတင်းခန်းများတွင် AI အသုံးပြုခြင်းနှင့် အနာဂတ် 4 K ရုပ်သံထုတ်လွှင့်ရေးတွင် 5 G Trends အသုံးပြုခြင်းဆိုင်ရာ စသည့်အလုပ်ရုံဆွေးနွေးပွဲများ၌ ပါဝင်တက်ရောက်၍ မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများကို ဆွေးနွေးပြောကြားကြမည်ဖြစ်သည်။
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) ကို ၁၉၇၇ ခုနှစ်တွင် ယူနက်စကို၏ဦးဆောင်မှုဖြင့် စတင်တည်ထောင်ခဲ့ရာ ရုပ်သံထုတ်လွှင့်မှုနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုကိုလုပ်ဆောင်ရန် ကတိကဝတ်ပြုထားသော ဒေသဆိုင်ရာအစိုးရများအကြား ပူးပေါင်းဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် တက်ကြွ၍ညီညွတ်သော အီလက်ထရောနစ်မီဒီယာဝန်းကျင်မြှင့်တင်မှုတွင် အခရာကျသည့် အခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် AIBD တွင် တင်းပြည့်အဖွဲ့ဝင် (Full Membership) အဖြစ် ၁၉၉၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အသင်းဝင်စည်းကမ်းများနှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ AIBD က စီစဉ်ကျင်းပသည့် သင်တန်းများ၊ အစည်းအဝေးများ၊ Seminar များ၊ Conference များနှင့် Online မှ ပြုလုပ်သော သင်တန်းများသို့ သက်ဆိုင်ရာဝန်ထမ်းများ ပါဝင်တက်ရောက်လျက်ရှိသည်။
အဆိုပါ အာရှမီဒီယာထိပ်သီးညီလာခံသည် ထင်ရှားကျော်ကြားပြီး အရေးပါသည့် Media Event တစ်ခုဖြစ်ရာ အာရှ-ပစိဖိတ်ဒေသတွင်းရှိ မီဒီယာလုပ်ငန်းများ ချိတ်ဆက်ရန်၊ အသိပညာဗဟုသုတများ ဆွေးနွေးမျှဝေရန်နှင့် ရုပ်သံလွှင့်လုပ်ငန်းများ၏အနာဂတ်ကိုဆွေးနွေးရန် မီဒီယာကျွမ်းကျင်သူများအတွက် ပလက်ဖောင်းတစ်ခုဖြစ်၍ ယင်းညီလာခံကို တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား စသည့်အာရှနိုင်ငံများက လှည့်လည်လက်ခံကျင်းပလျက်ရှိရာ ယခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကိုးနှစ်အကြာတွင် ပြန်လည်လက်ခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်