Skip to main content

မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

နေပြည်တော် ဩဂုတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဩဂုတ် ၂၆ ရက်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့အား တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၏ မိဘဆွေမျိုးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များနှင့် စစ်သည်များပါဝင်သော လေ့လာရေးအဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သြဂုတ် ၂၇ ရက်တွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံသို့ သွားရောက်လည်ပတ်ခြင်း၊ Ling Guang ဘုရားကျောင်းသို့သွားရောက်၍ ဘုရားကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ခြင်း၊ ဩဂုတ် ၂၈ ရက်တွင် ပေကျင်းမြို့ရှိ Grate wall သို့ သွားရောက်လေ့လာခြင်း၊ နွေရာသီနန်းတော်သို့သွားရောက်လေ့လာခြင်းနှင့် အိုလံပစ်ပြိုင်ပွဲကျင်းပခဲ့သည့် အဆောက်အဦများနှင့် မြို့တွင်းသို့လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်ကာ ညပိုင်းတွင်ညရှုခင်းများကြည့်ရှုခဲ့ကြသည်။

အလားတူ ဩဂုတ် ၂၉ ရက်တွင် ပေကျင်းမြို့ရှိ ပေကျင်းကျည်ဆန်ရထားဘူတာရုံမှ ပေကျင်း - ကွမ်ကျိုးကျည်ဆန် ရထားအမှတ်၊ G-77 ဖြင့် စီးနင်းလိုက်ပါ၍ ကွမ်ကျိုးမြို့သို့ ရောက်ရှိကြသည်။

အဆိုပါ မျိုးဆက်သစ်ထူးချွန် လူငယ်မောင်မယ်များနှင့် စစ်သည်များပါဝင်သော လေ့လာရေးအဖွဲ့သည် ဩဂုတ် ၃၀ ရက်နံနက်ပိုင်းတွင် ကွမ်ကျိုးမြို့ရှိ Ji Nan တက္ကသိုလ်သို့ သွားရောက်ကာ Ji Nan တက္ကသိုလ်၏ သမိုင်းကြောင်း၊ စာကြည့်တိုက်နှင့် ဌာနခွဲများအား လှည့်လည်လေ့လာခဲ့ကြပြီး ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းမှုများအပေါ် တက္ကသိုလ်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့အတွင်း လေ့လာလည်ပတ်ကြပြီး ညပိုင်းတွင် ကွမ်ကျိုးတာဝါအား သွားရောက်လေ့လာကြည့်ရှုခြင်းနှင့် ကွမ်ကျိုးမြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် လိုက်ပါစီးနင်း၍ လေ့လာလည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မျိုးဆက်သစ်ထူးချွန်လူငယ် မောင်မယ်များနှင့် စစ်သည်များပါဝင်သော လေ့လာရေးအဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ရမှုနှင့်ပတ်သက်၍ ယခုလိုပဲ ကြားသိရသည်။

မောင်ဘုန်းမြတ်သာ (ခြောက်ဘာသာဂုဏ်ထူးရှင်)

သုံးထပ်ကွမ်းလူရည်ချွန်

တရုတ်နိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ မဟာတံတိုင်း၊ ဗုဒ္ဓမြတ်စွယ်တော်လို နေရာတွေအပြင် သမိုင်းနဲ့ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာတွေဖြစ်တဲ့ နွေရာသီနန်းတော်၊ Tiananmen square ပေကျင်းအိုလံပစ်ပြိုင်ပွဲကျင်းပခဲ့တဲ့ အိုလံပစ်ပန်းခြံတို့ကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ လေ့လာရေးခရီးကို အစကနေအဆုံး ကုန်ကျစရိတ်အများကြီး အကုန်အကျခံပြီးတော့ စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။ ခရီးအစကနေအဆုံးထိ ကြီးကြပ်ပေးတဲ့ ကြီးကြပ်ဆရာတွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်ကတော့ အနာဂတ်မှာ နိုင်ငံကအားကိုးရတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်ခင်ဗျာ။ ဒီခရီးစဉ်က တရုတ်နိုင်ငံရဲ့ အထင်ကရနေရာများစွာကို လေ့လာခွင့်ရခဲ့တဲ့အတွက်ကြောင့်မလို့ ဒေသန္တရဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံက အားလုံးသိကြတဲ့အတိုင်း ဘက်စုံ၊ ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အရာတွေ လေ့လာခွင့်ရခဲ့တယ်။ သူတို့ ဒီလိုဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုမျိုးကြိုးစားခဲ့တယ်ဆိုတာ ကျွန်တော်တို့အတုယူပြီးတော့ ကျွန်တော်တို့နိုင်ငံအနာဂတ်ကို ပိုကောင်းအောင်တည်ဆောက်သွားမယ်လို့ ခံယူချက်တွေရရှိခဲ့ပါတယ်။

မမြသန္တာခင်

နှစ်ထပ်ကွမ်းလူရည်ချွန်

တရုတ်နိုင်ငံရဲ့ ပေကျင်းမြို့နဲ့ကွမ်ကျိုးမြို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ ပေကျင်းမြို့မှာဆိုရင် အထင်ကရနေရာတွေဖြစ်တဲ့ Tiananmen square ၊ မဟာတံတိုင်း၊ ဂရိတ်ဝေါနဲ့ အိုလံပစ် ပန်းခြံတို့ကို လေ့လာခဲ့ပါတယ်။ ကွမ်ကျိုးမြို့မှာဆိုရင် Ginan တက္ကသိုလ်ကို လေ့လာခဲ့ပြီးတော့ ညပိုင်းဆိုရင် ပုလဲမြစ်မှာ အပျော်သင်္ဘောစီးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့လူနေမှုစနစ်ကို သိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတွေ၊ ရှေးခေတ်သမိုင်းကြောင်းတွေ၊ စားသောက်ဖွယ်ရာတွေ၊ စည်းကမ်းရှိပုံတွေ၊ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ပုံတွေကို လေ့လာခဲ့ပါတယ်ရှင်။ ကျွန်မအပါအဝင် ကျွန်မတို့လို ထူးချွန် ကျောင်းသားတွေကို တရုတ်နိုင်ငံကို လေ့လာခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူ အကြီးအကဲအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

သတင်းစဉ်