နေပြည်တော် ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေးတာဝန်ခံများ တက်ရောက်ကြသည်။
ဖြန့်ဝေသည့်အချိန်တိကျရေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေအရ ဝန်အားထိန်းညှိရသဖြင့် အချိန်ပိုင်းဓာတ်အားပိတ်၍ ဓာတ်အားဖြန့်ဖြူးပေးနေရသောကြောင့် ဖြန့်ဝေသည့်အချိန်တွင် သက်မှတ်ထားသည့်အချိန်တိုင်း တိကျစွာရရှိရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေးတို့ကို ဟန်ချက်ညီတိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးကတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း။
အကောင်းဆုံးဝန်ဆောင်မှုပေးရန်
ထို့ပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး စနစ်တကျကောက်ခံသွားရန်နှင့် ဓာတ်အားခကြွေးကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ဝယ်ယူခဲ့သည့်မီတာများကိုလည်း စမ်းသပ်စစ်ဆေးပြီး မြို့နယ်များသို့ အချိန်မီပို့ဆောင်၍ ပြည်သူလူထုအမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်နှင့် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အတွက် ပြည်သူကို ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်