Skip to main content

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့်ဆောင်ရွက်မည့် သစ်အခြေခံ ပရိဘောဂသင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့်ဆောင်ရွက်မည့် သစ်အခြေခံပရိဘောဂသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ကြက်သွန်ခင်းကျေးရွာ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းဖြစ်သည့်အတွက် သင်တန်းက သင်ကြားပို့ချပေးလိုက်သည့် သစ်အခြေခံပရိဘောဂနည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာသင်ယူကာ ဒေသတွင်းပေါများစွာ ထွက်ရှိသည့်သစ်များကိုအခြေခံ၍ စံချိန်မီတန်ဖိုးရှိပရိဘောဂပစ္စည်းများထုတ်လုပ်နိုင်ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်းပြောကြားပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါသင်တန်းကို သင်တန်းသား ၁၆ ဦးဖြင့် တစ်လကြာ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည် အထိစာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားငါးဦးကို သတ်မှတ်ချက်များနှင့်အညီရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာသုံးရွာအိမ်ခြေ ၉၈၈ အိမ်၊ လူဦးရေ ၄၀၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် သဲကောလေး-ဝဲကြီးကျေးရွာချင်း ဆက်လမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ စိုက်ပျိုးရေရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ်မြွေရိုးကျောင်းစု ကျေးရွာအုပ်စုရုံးတောကျေးရွာသို့ ရောက်ရှိပြီး ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် စိုက်ပျိုးမြေများပေါ်တွင် ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် Myanmar Uni-Semi ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်၍ မိုးကြိုဝါနှင့် အခြားသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးပါက အကျိုးအမြတ် ရရှိမှုများကိုအသင်းသား တောင်သူများအား ခွဲဝေဆောင်ရွက်ပေးသွားရန် မှာကြားသည်။

ထို့နောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာသို့သွားရောက်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်