Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းရှိန် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း) ကြည့်ရှုစစ်ဆေး မင်္ဂလာဒုံစက်မှုဇုန်ရှိ လုပ်သားများအား တွေ့ဆုံအားပေး

ရန်ကုန် ဩဂုတ် ၂၉

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) သို့ ရောက်ရှိပြီး လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌ သင်တန်းသားများနှင့်တွေ့ဆုံပြီး NSSA မှတ်ပုံတင်ထားသည့် သင်တန်းကျောင်း ၂၁ ကျောင်းနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရရှိထားပြီး NSSA အသိအမှတ်ပြုမှတ်ပုံတင်ထားသည့် သင်တန်းကျောင်း ၁၄ ကျောင်းရှိကြောင်း၊ သင်တန်းကျောင်းအလိုက် ဆောက်လုပ်ရေးလုပ်သားနှင့် လက်သမားသင်တန်း၊ ငြမ်း ဆင်သင်တန်း၊ ကြွေပြားကပ်သင်တန်း၊ ပိုက်ဆက်သင်တန်း၊ အုတ်စီသင်တန်း၊ ကျောက်ပုန်းရိုက် လုပ်သားသင်တန်း၊ အဆောက်အအုံ လျှပ်စစ်ဒီဇိုင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အထည်ချုပ်သင်တန်း၊ အရောင်းဆိုင်ငွေကိုင်သင်တန်း၊ ဧည့်ကြိုလုပ်သားသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး လုပ်သားသင်တန်း၊ စက်ကိရိယာကိုင်တွယ် မောင်းနှင်သူသင်တန်း၊ အခြေခံမော်တော်ယာဉ် စက်ပြင်နှင့်အဆင့်မြင့် မော်တော်ယာဉ်စက်ပြင်သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းဆင်း လုပ်သားများအနေဖြင့် သင်တန်းမှပို့ချပေးခဲ့သည့် သင်ခန်းစာများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချရန်နှင့် ခေတ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။

ရှင်းလင်းတင်ပြ

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ Honey Garment Factory 1 Co.,Ltd နှင့် K.M.H Co.,Ltd အထည်ချုပ်စက်ရုံ တို့သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး အလုပ်သမားရေးရာအငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်