Skip to main content

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၂၉

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း၊ အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် ဖောင်ဒေးရှင်းဥက္ကဋ္ဌဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးရွာနှင့်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များတည်ထောင်၍ စာပေများဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များဖြန့်ဝေပေးပို့လျက်ရှိကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များဝယ်ယူထောက်ပံ့ပေးသကဲ့သို့ အလှူရှင်များ လှူဒါန်းသည့်စာအုပ်များကိုလည်း ပေးပို့လှူဒါန်းပေးပါကြောင်း၊ စာကြည့်တိုက်များ၏အသက်မှာ စာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များရှိမှသာ စာဖတ်ရှုသူများ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ အလှူရှင်များတိုးပွားလာသည်နှင့်အမျှ စာအုပ်များကို များများလှူနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်အလှူရှင်များ တိုးပွားရေးအတွက် စည်းရုံးပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင်များက စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြား ပြီး စာအုပ်များပေးအပ်လှူဒါန်းရာ စာရေးဆရာတိမ်ဦးရေးသားသည့် နိုင်ငံတကာသုံး ကြယ်များ ရွေးချယ်ဖတ်ရှုနည်း စာအုပ် ၁၅၀၊ တန်ဖိုးငွေကျပ် ၄၅၀၀၀၀၊ ဦးနန်းအောင်လှိုင်နှင့် ဒေါ်သီရိစံတို့က ဝိဇ္ဇာနတ်လမ်းမှော်ဘုံကျမ်း စာအုပ် ၅၀၊ တန်ဖိုးငွေကျပ် ၁၂၅၀၀၀၀၊ ဦးဝင်းညွန့်လွင်က သုတ/ရသ စာအုပ်ကိုးမျိုးစာအုပ် ၂၆၁၉ အုပ်၊ တန်ဖိုးငွေကျပ် ၈၈၀၀၅၀၀ ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယနေ့လှူဒါန်းမှုတွင် စာအုပ်ပေါင်း ၂၈၁၉ အုပ်၊ တန်ဖိုးကျပ် ၁၀၅၀၁၅၀ ဖြစ်ပြီး ဒုတိယပိုင်း အစီအစဉ်ဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးပြုလုပ်ရာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်