Skip to main content

ယဉ်ကျေးမှုအမွေအနှစ်များနှင့် မန္တလေးမြို့တော်ကြီးကို ကာကွယ်ရန်၊ စစ်ဘေးမဖြစ် စေရန်အတွက် သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်

နေပြည်တော် ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များနှင့် မြို့တော်ကြီးကိုကာကွယ်ရန်၊ စစ်ဘေးမဖြစ်စေရန်အတွက် ပြည်သူများက ဆန္ဒထုတ်ဖော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄ လမ်း၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြား၊ မန္တလေးတောင်ခြေရှိ ခြင်္သေ့ကြီးနှစ်ကောင်ရှေ့တွင် သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများစုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်များမှ သံဃာတော်များနှင့် မျိုးချစ်ဒေသခံပြည်သူများက မန္တလေးတောင်ခြေရှိ ခြင်္သေ့ကြီး နှစ်ကောင်ရှေ့တွင် စုရပ်ပြုလုပ်၍ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းသို့ စနစ်တကျ စီတန်းလှည့်လည်ချီတက်၍ ဆန္ဒထုတ်ဖော်ရာ လမ်းတစ်လျှောက်တွင် ယဉ်ကျေးမှုအမွေအနှစ်များတည်တံ့ဖို့ ဒို့မန္တလေးသားတွေ စောက်ရှောက်စို့၊ မန္တလေးမြို့ကြီး မပျက်စီးဖို့ မန်းပြည်သူတွေစည်းလုံးစို့၊ ရာဇဝင်ကောင်းတဲ့ ဒို့မန္တလေးဒို့မျိုးဆက်အတွက် ဆက်ထိန်းပေး၊ အကြမ်းဖက်မှုများ တိုက်ခိုက်ဖို့ မန်းပြည်သူတွေညီကြစို့၊ တိုင်းရင်းသားညီအကိုမောင်နှမများ စည်းလုံးညီညွှတ်ရေး ဒို့အရေး၊ မန္တလေးမြို့ကြီး တည်ငြိမ်အေးချမ်းရေးဒို့အရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောက်ရှောက်ရေး ဒို့အရေး၊ အကြမ်းဖက်မှုမှန်သမျှ ဆန့်ကျင်ကြစသည့် ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်