နေပြည်တော် ဩဂုတ် ၂၉
အမျိုးသားရေဥပဒေ တတိယမူကြမ်းကို ဆွေးနွေးတည်းဖြတ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂၉) အစည်းဝေးခန်းမ၌ကျင်းပရာ အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်း တက်ရောက်သည်။
အစည်းအဝေးသို့ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးကော်မတီများမှ အမျိုးသားရေ ဥပဒေရေးဆွဲပြုစု ရေးလုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့အစည်းအဝေးတွင် အမျိုးသားရေဥပဒေ တတိယမူကြမ်းအပေါ်ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များထံမှ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ မိမိတို့နိုင်ငံတွင် လက်တွေ့ကျင့်သုံးနိုင်မည့် အခြေအနေများ၊ နိုင်ငံတော်၏လိုအပ်ချက်များနှင့်ကိုက်ညီစေရန် ပုဒ်မ၊ ပုဒ်မခွဲတစ်ခုချင်းစီအလိုက် အသေးစိတ်ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ အမျိုးသားရေဥပဒေ တတိယမူကြမ်းကို အချောသတ်ပြုစုပြီးပါက မိမိတို့နိုင်ငံနှင့် အကောင်းဆုံး၊ အသင့်လျော်ဆုံးဖြစ်မည့် ရေဥပဒေတစ်ရပ်ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ရေကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် လိုအပ်ချက်တစ်ခုဖြစ်သည့် အမျိုးသားရေဥပဒေ တစ်ရပ်ပေါ်ပေါက်ရန် အမျိုးသားရေဥပဒေရေးဆွဲ ပြုစုရေးလုပ်ငန်း ကော်မတီဝင်များအနေဖြင့် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး (၁)၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားရေးဥပဒေရေးဆွဲရေးဆောင်ရွက်ထားရှိမှုများ၊ ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ အစည်းအဝေးတက်ရောက်သူများက အမျိုးသားရေ ဥပဒေတတိယမူကြမ်းအပေါ် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်