နေပြည်တော် ဩဂုတ် ၂၉
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် GNE Co., Ltd တို့ ပူးပေါင်းဖွင့်လှစ်သည့် “e-Government ဆိုင်ရာ Firewall Administration User Training (Cyber Security) သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ GNE Co., Ltd မှ Branch Office Manager၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ဒစ်ဂျစ်တယ်ခေတ်တွင် ဆက်သွယ်ရေးစနစ်များနှင့် ICT နည်းပညာများ မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် အကျိုးကျေးဇူးများရှိသကဲ့သို့ တစ်ချိန်တည်းတွင် ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုများ စသည့်စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်လာရပါကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဝန်ကြီးဌာန ဆိုက်ဘာလုံခြုံရေးအတွက် GNE Co., Ltd နှင့်ပူးပေါင်း၍ Firewall - FortiGate 101F (Hardware) ကို တပ်ဆင်ထားရှိပြီးဖြစ်၍ Firewall တပ်ဆင် အသုံးပြုဆောင်ရွက်ထားရှိမှုများနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများနှင့်ပတ်သက်၍ သိရှိနားလည်စေရန် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသူသင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမည့် သင်ခန်းစာများအပေါ် သေချာစွာလေ့လာသင်ယူကာ e-Government ပုံရိပ်ကို တိုးမြှင့်ဆောင်ရွက်သွားကြရန်နှင့် မိမိတို့မျှော်မှန်းသည့် Digital အခွင့်အလမ်းများကို အမိအရဆုပ်ကိုင် နိုင်ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့်အန္တရာယ်များ လျော့ပါးလာစေရေးတို့ကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ICT ပညာရပ် ဆိုင်ရာကျွမ်းကျင်သည့်ဝန်ထမ်းများ ပိုမိုထွက်ပေါ်လာပါက ဝန်ကြီးဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် အထူးကြိုးစား သင်ယူသွားကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ GNE Co., Ltd မှ Branch Office Manager က သင်တန်းနည်းပြဆရာများနှင့် မိတ်ဆက်ပေးပြီး Powerpoint ဖြင့် ရှင်းလင်းတင်ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အဆိုပါ သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၄ ဦး တက်ရောက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့်အတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ပဲခူးတိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးတို့က တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်