Skip to main content

သရက်ထောင်တွင် အကျဉ်းသားများကို တိုက်ပိတ်၍ ငွေခြိမ်းခြောက်တောင်းပြီး မူးယစ်ဆေးဝါးရောင်းချနေဟု မဟုတ်မမှန် လုပ်ကြံရေးသား

နေပြည်တော် ဩဂုတ် ၂၈

သရက်ထောင်တွင် အကျဉ်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူးက အကျဉ်းသားများကို တိုက်ပိတ်၍ ငွေခြိမ်းခြောက်တောင်းပြီး မူးယစ်ဆေးဝါးရောင်းချနေဟု Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၂၂ ရက်တွင် မဟုတ်မမှန်လုပ်ကြံသတင်း ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်အမှန်မှာ သရက်အကျဉ်းထောင်တာဝန်ခံအရာရှိသည် အကျဉ်းထောင်ဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် မည်သည့်အကျဉ်းသားကိုမှ မတရားရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ငွေကြေးတောင်းခံခြင်းမပြုလုပ်ရန် မှာကြားပြောဆိုကြပ်မတ်လျက်ရှိပြီး အကျဉ်းထောင်အတွင်းသို့ မူးယစ်ဆေးဝါး၊ တယ်လီဖုန်းစသည့် တားမြစ်ပိတ်ပင်ပစ္စည်းများ ဝင်ရောက်မှုမရှိရေးအတွက် နေ့စဉ်သာမန်ရှာဖွေခြင်း၊ အထူးရှာဖွေခြင်းများကို ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ နှစ်ပတ်တစ်ကြိမ် အထူးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကျဉ်းထောင်အတွင်း၌ တားမြစ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိပါက တည်ဆဲဥပဒေနှင့်အညီ အမှုဖွင့်လှစ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

ထိရောက်စွာအရေးယူသွားမည်

အကျဉ်းထောင်မှ ချုပ်သစ်၊ ကျသစ်များကို လက်ခံရရှိသည်နှင့် တိုက်ခန်းတွင် Quarantine ၁၄ ရက် သီးခြားထိန်းသိမ်းထားရှိပြီး သတ်မှတ်ကာလပြည့်သူများကို တာဝန်ခံအရာရှိ၏ ကြီးကြပ်မှုဖြင့် အိပ်ဆောင်များသို့ ပြောင်းရွှေ့နေရာချထားပေးလျက်ရှိပြီး ချုပ်သစ်၊ ကျသစ်များကို တိုက်ပိတ်ပြီး ခြိမ်းခြောက်၍ ငွေတောင်းခြင်းမရှိဘဲ ငွေတောင်းခံကြောင်း စစ်ဆေးပေါ်ပေါက်ပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်သည်ကို ဝန်ထမ်း၊ အကျဉ်းသားနှင့် ၎င်းတို့၏ မိသားစုများကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း။

အကျဉ်းသားအရာရှိ၊ အလုပ်ကြပ်အကျဉ်းသားနှင့် ညကင်းစောင့်အကျဉ်းသားများကို အကျဉ်းထောင်လက်စွဲဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးအပ်၍ ဝန်ထမ်းများမှ အနီးကပ်ကြပ်မတ်ကွပ်ကဲစေလျက်ရှိပြီး အကျဉ်းသားများအား လက်သပ်မွေးခြင်းမျိုးမရှိကြောင်း၊ အကျဉ်းထောင်တိုင်းတွင် ပင်ပန်းသည့်အလုပ်မရှိဘဲ အကျဉ်းသားအများစုကို ၎င်းတို့၏ အိပ်ဆောင်၊ အခန်းနှင့် အိပ်ဆောင်ပတ်ဝန်းကျင်များ၏ သန့်ရှင်းရေးကိုသာ တာဝန်ပေးအပ်စေခိုင်းပြီး မတန်တဆအလုပ်ကြမ်းခိုင်းစေခြင်းမျိုးမရှိကြောင်း။

Khit Thit အမည်ခံ Facebook Page က ဖော်ပြခဲ့သည့် လက်ထောက်ကြီးကြပ်ရေးမှူး (၁) ကျော်ဇေယျာစိုးသည် မည်သည့်အကျဉ်းသား/ အချုပ်သားကိုမှ အကြောင်းမဲ့တိုက်ပိတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုးမရှိဘဲ မူးယစ်ဆေးဝါးရောင်းချခြင်းလည်းမရှိကြောင်း အကျဉ်းထောင်တာဝန်ရှိသူထံမှ သိရသည်။

ဟုတ်မမှန်လုပ်ကြံရေးသားထား

သရက်အကျဉ်းထောင်တွင် အကျဉ်းထောင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို အကျဉ်းထောင်အက်ဥပဒေ၊ လက်စွဲဥပဒေများနှင့်အညီ အထူးအလေးထားဆောင်ရွက်လျက်ရှိသည့်အတွက် Khit Thit အမည်ခံ Facebook Page ၏ ဖော်ပြမှုသည် ပြည်သူ အများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။

ကိုဖြိုး