နေပြည်တော် ဩဂုတ် ၂၈
(၁၉) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ (19th Asia Media Summit & Associated Meetings) အား အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) ၏ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါနှစ်စဉ်ကျင်းပသည့် အစည်းအဝေးများသို့ ပြောင်းလဲတိုးတက်နေသည့် ခေတ်နှင့်နည်းပညာများအရ လိုက်လျောညီထွေဖြစ်စေမည့် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများ ဆွေးနွေးနိုင်ရန် အာရှဒေသအစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာမီဒီယာကဏ္ဍ ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ၊ ပညာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ မီဒီယာကျွမ်းကျင်သူများ၊ အာရှပစိဖိတ်ဒေသတွင်းမှ ဆက်စပ်အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးလေ့ရှိရာ ယခု Summit သို့ အာရှ၊ ပစိဖိတ်၊ အာဖရိကနှင့် ဥရောပတို့ရှိ နိုင်ငံပေါင်း ၅၀ ကျော်မှ ဒေသဆိုင်ရာကျွမ်းကျင်သူ ၅၀၀ ကျော် တက်ရောက်မည်ဟု မျှော်မှန်းထားပြီး အာရှပစိဖိတ်ဒေသမှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဝန်ကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။
ယခုနှစ် Summit ၏ Theme မှာ “ Media : The New Odyssey” ဖြစ်ရာ အဆိုပါ Summit တွင် ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုများနှင့် မီဒီယာနှင့် ရုပ်သံထုတ်လွှင့်မှုများတွင် AI ၏ ရှုထောင့်အမျိုးမျိုး၊ သင်ယူခြင်းနှင့် တိုးတက်မှုများအတွက် ပူးပေါင်းအားထုတ်မှုများအား ရှာဖွေဖော်ထုတ်ဆွေးနွေးကြမည်ဖြစ်ပြီး ယခုကဲ့သို့ ပြောင်းလဲမှုလျင်မြန်နေသောအချိန်များတွင် အသံအမျိုးမျိုးပါဝင်မှုများနှင့် ရရှိနိုင်မှုများမှ အရေးကြီးသည့်အချက်များအား ဆွေးနွေးဖော်ထုတ်ကြမည်ဖြစ်သည်။
အာရှ - ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (AIBD) အနေဖြင့် မဟာဗျူဟာမိတ်ဖက်များနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် Pre-Summit Workshop ၁၀ ခု ကျင်းပမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် Summit ကို ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ Summit အား တောင်ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားစသည့် အာရှနိုင်ငံများတွင် လှည့်လည်ကျင်းပခဲ့ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၂၀၁၅ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ရာမှ ယခု (၉) နှစ်အကြာတွင် ပြန်လည်ကျင်းပနိုင်မည်ဖြစ်သည်။
အာရှ - ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း (AIBD)ကို ၁၉၇၇ ခုနှစ် တွင် ယူနက်စကို၏ဦးဆောင်မှုဖြင့် စတင်တည်ထောင်ခဲ့ရာ ရုပ်/သံထုတ်လွှင့်မှုနှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ရန် ကတိကဝတ်ပြုထားသော ဒေသဆိုင်ရာအစိုးရများအကြား ပူးပေါင်းဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသတွင် တက်ကြွ၍ ညီညွတ်သောအီလက် ထရောနစ်မီဒီယာဝန်းကျင်မြှင့်တင်မှုတွင် အခရာကျသည့်အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်လျက်ရှိကြောင်း၊ AIBD ၏ Summit သည် လူသိများသော အထင်ကရ Event တစ်ခုဖြစ်ပြီး ချိတ်ဆက်ရန်၊ အသိပညာဗဟုသုတများ ဆွေးနွေးမျှဝေရန်နှင့် ရုပ်သံလွှင့်လုပ်ငန်းများ၏ အနာဂတ်ကို ဆွေးနွေးရန် မီဒီယာကျွမ်းကျင်သူများအတွက် အုတ်မြစ်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်