Skip to main content

နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်မြင့်မားရေး အမျိုးသားအားကစားမြှင့်တင်

ယခု ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို နေပြည်တော်တွင် ခမ်းနားထည်ဝါစွာကျင်းပသွားရန် လျာထားပြင်ဆင်လျက်ရှိသည်။ အမျိုးသားအားကစားပွဲတော်သည် အခြားအားကစားပွဲတော် ပြိုင်ပွဲများနှင့်မတူဘဲ ပြိုင်ပွဲဝင်အသင်းများသာမက ပြိုင်ပွဲဝင်အားကစားသမားများပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများဆုံးယှဉ်ပြိုင်ကြမည့် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲ ဖြစ်သည်။

ယခုနှစ် တစ်နှစ်ပတ်လုံးတွင် ကျောင်းသားအားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိသည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်လည်း မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့အပြင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အကြိုအဖြစ် ရန်ကုန်တိုင်းဒေသကြီး အားကစားပွဲတော်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ အားကစားနည်း ၂၄ မျိုးဖြင့် ကျင်းပမည်ဖြစ်ရာ ယှဉ်ပြိုင်ဆင်နွှဲသည့် အားကစားပြိုင်ပွဲများသည် နိုင်ငံတော်အဆင့် အမျိုးသားအားကစားပြိုင်ပွဲအတွက် အောင်မြင်မှုအင်အားတစ်ရပ်ဖြစ်စေသည်။

 နိုင်ငံအတွက် အဓိကစွမ်းအားစုသည် လူငယ်လူရွယ်များဖြစ်သည်။ လူငယ်များကို မြှင့်တင်ဆောင်ရွက်အားပေးခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ အားကစားမြှင့်တင်ခြင်းသည်လည်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်။ အလားတူအားကစားအောင်မြင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်စေသည်။ ထို့အတူ အားကစားကဏ္ဍ တိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အခြေအနေကို ထင်ဟပ်ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူငယ်နှင့် အားကစားကဏ္ဍ မြှင့်တင်ပေးရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်အကောင်အထည်ဖော်လျက်ရှိသည့် ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက် (၃) ရပ်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” နှင့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ လူငယ်နှင့်အားကစားကို အတူယှဉ်တွဲ၍ မြှင့်တင်အားပေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများသာမက အားကစားကဏ္ဍကိုပါ မျက်ခြည်မပြတ် မြှင့်တင် အားပေးဆောင်ရွက်လျက်ရှိသည်။ မြန်မာ့အားကစားအဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတာဝန်နယ်ပယ်များစွာရှိသည့်အနက် ကဏ္ဍစုံတွင် အားကစားပြိုင်ပွဲမျိုးစုံကို ပုံမှန်ကျင်းပပြုလုပ်ပေးရမည်ဆိုသည့်အတိုင်း နိုင်ငံတော်အစိုးရအနေဖြင့် နှစ်အလိုက် အားကစားပြိုင်ပွဲမျိုးစုံကို ကျင်းပပြုလုပ်ပေးလျက်ရှိပြီး အမျိုးသားအားကစားပြိုင်ပွဲကြီးကိုလည်း အစဉ်အလာမပျက် အောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အမျိုးသားအားကစားပွဲတော်ကို ယခင်အစိုးရအဆက်ဆက်က ကျင်းပခဲ့ရာ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယ အကြိမ်အမျိုးသားအားကစားပွဲတော်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်တို့ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်၌ ခမ်းခမ်းနားနားကျင်းပခဲ့သည်။ ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် အမျိုးသားအားကစားပွဲတော်ကို မကျင်းပဖြစ်ခဲ့ဘဲ ယခု ၂၀၂၄ ခုနှစ်တွင် နေပြည်တော်၌ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ရာ မြန်မာ့အားကစား အရှိန်အဟုန်မပျက် တိုးတက်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အမျိုးသားအားကစားပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်တွင် ပထမအချက်အနေဖြင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်း မြင့်မားတိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားကစားအဆင့်အတန်းမြင့်မားရေးနှင့် အောင်မြင်မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးဖြစ်သည်။

သို့ဖြစ်ရာ အစဉ်အလာမပျက် ကျင်းပလျက်ရှိသည့် အားကစားပြိုင်ပွဲအမျိုးမျိုးနှင့်အတူ အမျိုးသားအားကစားပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခြင်းအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်နှင့် ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိရေး၊ အားကစားလှုပ်ရှားမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ပြည်သူတစ်ရပ်လုံး အားကစားကဏ္ဍပိုမိုစိတ်ဝင်စားလာရေး၊ နိုင်ငံ့ဂုဏ်၊ လူမျိုးဂုဏ်ကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရေးစသည့် အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။