Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့် စစ်သည်များ ပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အထင်ကရနေရာများသို့  သွားရောက်လေ့လာ

နေပြည်တော် သြဂုတ် ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/ သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန် လေ့လာရေးခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ရာ ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့သည် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံသို့ သွားရောက်လည်ပတ်ခြင်း၊ နေ့လယ်ပိုင်းတွင် Ling Guang ဘုရားကျောင်းသို့ သွားရောက်၍ ဘုရားကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့သည် ပေကျင်းမြို့ရှိ Grate wall သို့ သွားရောက်လေ့လာခဲ့ကြပြီး နေ့လယ်ပိုင်းတွင် နွေရာသီနန်းတော်သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သွားရောက်လေ့လာရာတွင် နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာနေရာအလိုက်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။