နေပြည်တော် ဩဂုတ် ၂၇
သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း (ငါး၊ ပုစွန် အစာအာဟာရ) အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက လယ်ယာ၊ သား၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးကဏ္ဍတွင် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အလေးပေးသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဟန်ချက်ညီစွာဖော်ဆောင်နိုင်ရန် လိုအပ်သည့် အထောက်အကူပစ္စည်းများ ပြည့်စုံစေရေး၊ နည်းစနစ်များကို စနစ်တကျ ကျွမ်းကျင်ပိုင်နိုင်မှုရှိစေရေးနှင့် စွမ်းဆောင်ရည် ပြည့်ဝမှုရှိသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး (Human Resource Development-HRD) အစီအမံများကို ဝန်ကြီးဌာနအနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုသင်တန်းမှ ရရှိလာသည့် အခြေခံအချက်အလက်များ၊ နည်းလမ်းများအပေါ်မူတည်ပြီး ပိုမိုကျွမ်းကျင်မှုရှိလာစေရေး စဉ်ဆက်မပြတ်ဆက်လက်လေ့လာဆည်းပူးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းအပေါ် အထောက်အကူပြုနိုင်မှုကို ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းကို မွေးမြူရေးသုတေသနဦးစီးဌာနက သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်းအဖြစ် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီးသင်တန်းသို့ မွေးမြူရေးသုတေသနဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ သင်တန်းသားသင်တန်းသူ ၂၂ ဦးနှင့် အွန်လိုင်းစနစ်ဖြင့် ၁၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်