နေပြည်တော် ဩဂုတ် ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ရုံးအမှတ် (၁၆) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်း နိုင်ငံရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း၍ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ MoC လက်မှတ်ရေးထိုးခွင့်ဆိုင်ရာများ၊ သမဝါယမကဏ္ဍမှနေကြာ ဧက ၉၀၀၀၀ စမ်းသပ်စိုက်ပျိုးနိုင်ရေး ရုရှားနိုင်ငံ၏ နေကြာမျိုးစေ့များ ပံ့ပိုးပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်ဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် အမျိုးသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပလျက်ရှိသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလားအမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲသို့ သွားရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တတိယနေရာလုပွဲပွဲစဉ်ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြ ပုံများကိုလည်းကောင်း၊ ဗိုလ်လုပွဲပွဲစဉ်ဖြစ်သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) အသင်းနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားကြပုံများကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံး ရှေ့တန်းဆု၊ အကောင်းဆုံး ဂိုးသမားဆု၊ အသန့်ရှင်းဆုံးအသင်း ဆုရရှိကြသူများကို ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း၊ တတိယဆုရရှိသော ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအသင်းကို အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က လည်းကောင်း၊ ဒုတိယဆုရရှိသော အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသင်းကို ဒုတိယဝန်ကြီး ဦးမြင့်စိုးကလည်းကောင်း တစ်ဦးချင်းလည်ဆွဲတံဆိပ်များ၊ ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပထမရွှေတံဆိပ်ဆုရရှိသော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) အသင်းကိုတစ်ဦးချင်းလည်ဆွဲ တံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်