Skip to main content

ဒုတိယဝန်ကြီးဦးလွင်ဦး နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ဥက္ကဋ္ဌ Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၂၇

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာနညွှန်ကြားရေးမှူး Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အမြင်ချင်းဖလှယ်

တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့အကြား လတ်တလောပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ လိုအပ်နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်နေမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ EDG ၏ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဂျီနီဗာမြို့ရှိလူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးလုပ်ငန်းစဉ် ချမှတ်သည့်အဖွဲ့ (SCHR) ၏ အမှုဆောင်အတွင်းရေးမှူး၊ ဂျီနီဗာမြို့ရှိ WHO အဖွဲ့၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုညွှန်ကြားရေးမှူး၊ ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲနှင့် UNOCHA ၏ ညှိနှိုင်းရေးဆိုင်ရာဌာနခွဲ အကြီးအကဲတို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်