နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေရာအနှံ့အပြား မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများတစ်လျှောက် ရေကြီးနစ်မြုပ်မှုများ လျော့နည်းသက်သာစေရေးနှင့် အချိန်တိုအတွင်း ရေထုတ်နုတ်စီးဆင်းနိုင်ရေးအတွက် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တင်းဝါးချောင်း၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ်ပင်လောင်းလမ်းကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် တင်းဝါးချောင်းတစ်လျှောက် ရေစီးဆင်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပင်လောင်းလမ်းဘေးနှင့် နေရောင်ပြအင်းစိုက်ကွင်းများမှ အချိန်တိုအတွင်း ရေထုတ်နုတ်နိုင်ရေးအတွက် တင်းဝါးချောင်းတစ်လျှောက် ရေစီးဆင်းရာတွင် ချောင်းကျဉ်းသော နေရာများ၊ ချောင်းကြမ်းပြင်အတွင်း သဲနုန်းပို့ချမှုများရှိပါက အချိန်မီပြန်လည်တူးဖော်ဆောင်ရွက်ရန်နှင့် နတ်မြောင်းရေထိန်းတံခါး ယာယီရေကူထုတ်ရေလွှဲနိုင်ရေး ဆောင်ရွက်ရန်အတွက် အကောင်အထည်ဖော်နိုင်ရေး လေ့လာစီမံခဲ့သည်။
ယမန်နေ့ညနေပိုင်းတွင် ပင်လောင်းလမ်းဘေးနှင့် နေရောင်ပြအင်းစိုက်ကွင်းများမှ ရေလျော့ကျမှု အခြေအနေ၊ တင်းဝါးချောင်းရေစီးရေလာ အခြေအနေများနှင့် နတ်မြောင်းရေထိန်းတံခါး ယာယီရေကူထုတ် ရေလွှဲလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအနီး ဆင်သေချောင်းရေစီးဆင်းမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခင်နေ့အောက် (၃ ဒသမ ၅) ပေခန့် လျော့ကျစီးဆင်းလျက်ရှိသည့်အတွက် ဆင်သေချောင်းအတွင်း တင်းဝါးချောင်းမှရေကောင်းမွန်စွာ ထုတ်နုတ်နိုင်မည်ဖြစ်သော်လည်း အချိန်တိုအတွင်း ရေထုတ်နုတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလိုက်ချောင်းတစ်လျှောက် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ချောင်းကမ်းဘေးတစ်လျှောက်နေရာများနှင့် ပျဉ်းမနားမြို့ (၉) လမ်းတံတား၊ (၆) လမ်းတံတား၊ (၄) လမ်းတံတားနှင့် အာဟာရသုခဈေးအနီးရှိ ပညာပန်းတိုင်တံတားများမှ ရေစီးထွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ငလိုက်ချောင်း တစ်လျှောက် ရေစီးဆင်းမှုအခြေအနေများ တစ်နေရာနှင့် တစ်နေရာကြိုတင်ခန့်မှန်းနိုင်ရန်နှင့် စောင့်ကြည့်လေ့လာသုံးသပ်နိုင်ရန်အတွက် ရေမှတ်တိုင်များထားရှိရန်၊ ငလိုက်ချောင်းအတွင်းစီးဝင်သော တောင်ညိုချောင်းနှင့် တံခွန်တိုင်ချောင်း ရေစီးရေလာ အခြေအနေများကို အချိန်နှင့်အမျှ စောင့်ကြည့်စစ်ဆေးနေ၍ လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းရေလွှဲဆည်သို့ ရောက်ရှိရာ ရေလွှဲဆည်ကြံ့ခိုင်ရေးအတွက် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေအနေ၊ သဲထုတ်ရေတံခါးများ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အထက်ပေါင်းလောင်း ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေ၊ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံမှ စီးထွက်ရေ၊ အောက်ပေါင်းလောင်း ရေလှောင်တမံရေ ပိုလွှဲမှရေကျော်ကျမှုအခြေအနေ၊ အောက်ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံမှ စီးထွက်ရေ၊ အောက်ပေါင်းလောင်းတမံနှင့် ပေါင်းလောင်းရေလွှဲဆည်ကြားစီးဝင်ရေနှင့် ပေါင်းလောင်းရေလွှဲဆည်မှ ရေကျော်ကျမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်