နေပြည်တော် ဩဂုတ် ၂၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) ပညာ တော်သင်ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
အမှာစကားပြောကြား
အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျား (Ms. Ma Jia) က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံကို ခေတ်မီသောအသိပညာ၊ ကျွမ်းကျင်မှုရှိသော ပညာရှင်နှင့် စီမံခန့်ခွဲရေးပညာရှင်များ ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်၍ မြန်မာနိုင်ငံသို့ MOFCOM ပညာ သင်ဆုများပေးအပ်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အစိုးရပညာသင်ဆုများဖြစ်သည့် Chinese Government Scholarship (CGS)၊ Chinese Scholarship Council (CSC)၊ Youth Excellent Scholarship (YES) နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOFCOM)တို့မှ ပညာသင်ဆုများကို နှစ်စဉ်ကမ်းလှမ်းလျက်ရှိပါကြောင်း၊ ကမ်းလှမ်းလာသည့် ပညာသင်ဆုများတွင် ပညာရေး၊ စီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာမူဝါဒများ၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ စာရင်းအင်းနှင့် ဥပဒေ စသည့်ဘာသာရပ်များစုံလင်စွာ ပါဝင်သဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရာတွင် များစွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ ပညာသင်ကာလအတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံကောင်းများ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို သင်ယူလေ့လာခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရေးနှင့် နှစ်နိုင်ငံအကြားပူးပေါင်း ဆောင်ရွက်မှုများတွင် ထိရောက်စွာ အထောက်အကူပြုနိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာသင်ဆုရရှိကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာဘာသာရပ်များအလိုက် ထူးချွန်ကျောင်းသားများဖြစ်အောင် ကြိုးစားသင်ယူလေ့လာကြရန်၊ ပညာသင်ကာလ ပြီးဆုံးသည့်အချိန်တွင် လေ့လာဆည်းပူးခဲ့သည့် အသိပညာဗဟုသုတများကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည်အသုံးပြုသွားကြရန်နှင့် နိုင်ငံအတွက် အားကိုးအားထားပြုရသည့် စွမ်းဆောင်ရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားသည်။
ပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးသံမှူးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းဝင်ခွင့်လက်မှတ် (Admission Letter)များကို ပညာတော်သင်ဆု ရွေးချယ်ခြင်းခံရသည့် အရာထမ်း၊ အမှုထမ်းများကို ပေးအပ်ချီးမြှင့်ခဲ့ ကြပြီး MOFCOM ပညာတော်သင် ကျောင်းသားဟောင်း တစ်ဦးနှင့် ပညာတော်သင်ဆုရရှိသူ အရာထမ်းတစ်ဦးတို့က ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) အနေဖြင့် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတိုဆွေးနွေးပွဲများ၊ မဟာဘွဲ့နှင့်ပါရဂူဘွဲ့ ပညာသင်ဆုပေါင်းများစွာ ပေးအပ်ကမ်းလှမ်းလျက်ရှိရာ ၂၀၂၃ ခုနှစ် တွင် ပါရဂူဘွဲ့ ၁၄ ဦးနှင့် မဟာဘွဲ့ ၅၁ ဦး၊ ၂၀၂၄ ခုနှစ်တွင် ပါရဂူဘွဲ့ခုနစ်ဦးနှင့် မဟာဘွဲ့ ၆၅ ဦး ရွေးချယ်ပေးအပ်ခဲ့သဖြင့် ဝင်ခွင့်ရရှိခဲ့သည့် ကျောင်းသားဦးရေသည် အာရှတွင်ပထမဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာနိုင်ငံဆိုင်ရာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျား၊ တရုတ်သံရုံးမှ တာဝန်ရှိသူများနှင့် ပညာတော်သင်ဆုရရှိကြသည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် Horizon Lake View ဟိုတယ်၊ Presidential Suite - II ၌ ဆက်လက်တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်စေရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်