Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်သည့်စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

နေပြည်တော် သြဂုတ် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ် ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန် လေ့လာရေးခရီးစဉ် အဖြစ်တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။

အဆိုပါလေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးလိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးသူရိန်ထွန်းဦးဆောင်၍ စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းမိသားစုဝင် သား၊ သမီးများမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နိုင်ငံတော်အဆင့်ဘက်စုံပညာထူးချွန်လူငယ် ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူ ၅ ဦး၊ အမှတ်အများဆုံးရရှိသော ကျောင်းသား၊ ကျောင်းသူ ၁၆ ဦး၊ ဂုဏ်ထူးသုံးဘာသာဖြင့် အောင်မြင်သောစစ်သည်တစ်ဦး၊ ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သောစစ်သည်နှစ်ဦးနှင့် ကျောင်းအုပ်ကြီး/ကျောင်းအုပ်ချုပ်မှုတာဝန်ခံ ၅ ဦးအပါအဝင် စုစုပေါင်း ၂၉ ဦးတို့ပါဝင်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်ထိ လေ့လာရေးခရီးသွားရောက်ကြမည်ဖြစ်သည်။

တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန်လူငယ်များအား ၂၀၁၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့သော်လည်း ကမ္ဘာတစ်ဝန်းဖြစ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များ၌ ရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှသာ လေ့လာ‌ရေးခရီး ပြန်လည်စေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လေ့လာကြမည့် အုပ်ချုပ်သူများနှင့် မျိုးဆက်သစ်ထူးချွန် ကျောင်းသား ကျောင်းသူများ၏ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားမှုများကို ယခုလိုပဲ ကြားသိရပါတယ်။

မောင်ကောင်းထက်သာ(ခြောက်ဘာသာဂုဏ်ထူးရှင်)

ကျွန်တော်က အ-ထ-က(၁) ဒဂုံကနေ ခြောက်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ စာသင်နှစ်အစကနေ သင်ခန်းစာတစ်ခုချင်းစီကို ပိုင်နိုင်အောင်ကျက်မှတ်ခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေ စာသင်ကြားရင် ဂရုစိုက်နားထောင်ပြီး အတတ်နိုင်ဆုံးမှတ်မိအောင် ကြိုးစားခဲ့ပါတယ်။ ကိုယ့်ဘာသာစာပြန်ကြည့်တဲ့အချိန်ကိုလည်း အတတ်နိုင်ဆုံးအနည်းဆုံးနဲ့ အထိရောက်ဆုံးဖြစ်အောင်၊  စာပြန်ကြည့်ချိန်နဲ့ အနားယူချိန်မျှတအောင်    စနစ်တကျ အချိန်ဇယားချမှတ်ပြီး   ကျက်မှတ်ခဲ့ပါတယ်။  အခုလိုရလဒ်ကောင်းအောင်ပံ့ပိုးပေးကြတဲ့ မိဘနှစ်ပါးနဲ့ ငယ်စဉ်ကနေ အခုချိန်အထိ ပညာသင်ကြားပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေကို  ကျေးဇူးတင်ပါတယ်။ အခုလိုခရီးစဉ်ကို လိုက်ပါခွင့်ရရှိအောင် စီစဉ်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။

မရှင်းသန့်မေ(ငါးဘာသာဂုဏ်ထူးရှင်)

ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်းကနေ ဂုဏ်ထူးငါးဘာသာရရှိခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို လေ့လာရေးပို့ဆောင်ပေးတဲ့အတွက် ဝမ်းသာသလို ဂုဏ်လည်းယူပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုနိုင်ငံမျိုးကိုသွားဖို့ဆိုတာ တော်ရုံမလွယ်တဲ့အခွင့်အရေးပါ။ ဒါကြောင့်  ဒီလိုခရီးစဉ်ကို စီစဉ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဂုဏ်ထူးရဖို့ တစ်နေ့စာတစ်နေ့ ကျက်မှတ်ခဲ့ပါတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေ သင်ကြားပြသတာကို အမြဲမပြတ်နားထောင်ပြီး လိုက်နာခဲ့ပါတယ်။ နားမလည်တာရှိရင် အချိန်မဆွဲဘဲ ချက်ချင်းမေးမြန်းပါတယ်။ အနာဂတ်ရည်မှန်းချက်ကတော့ နိုင်ငံတော်ကို အကျိုးပြုနိုင်တဲ့ ဆရာဝန်ဖြစ်အောင်ကြိုးစားမယ်လို့   ဆုံးဖြတ်ထားပါတယ်။ ဒီလိုခရီးစဉ်ကို သွားရောက်နိုင်အောင်စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။

ဒုတပ်ကြပ် သက်ပိုင်လင်း(သုံးဘာသာဂုဏ်ထူးရှင်)

ကျွန်တော်ကတော့ ဒုတပ်ကြပ်သက်ပိုင်လင်းဖြစ်ပါတယ်။ ကျွန်တော်က ပညာရေးကျောင်းကနေ သုံးဘာသာ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။ ဂုဏ်ထူးရရှိခဲ့တဲ့ဘာသာရပ်တွေကတော့ ပထဝီ၊ သမိုင်း၊ ဘောဂဘာသာရပ်တို့ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာ၊ ဆရာမတွေသင်ကြား ပြသပေးတဲ့သင်ခန်းစာတွေကို ကြိုးစားပြီး ကျက်မှတ်လေ့လာခဲ့ပါတယ်။ လိုအပ်တဲ့သင်ခန်းစာတွေ၊ နားမလည်တဲ့သင်ခန်းစာတွေကို ဆရာ၊ ဆရာမတွေကို မေးမြန်းပြီး အထူးကျက်မှတ်လေ့လာပြီး အားထုတ်ခဲ့ရပါတယ်။  အဆင့်မြင့်သင်တန်းတွေ၊ တက္ကသိုလ်တွေတက်ပြီး နိုင်ငံတော်နဲ့တပ်မတော်အပေါ် အလုပ်အကျွေးပြုနိုင်တဲ့ နိုင်ငံ့သားကောင်းဖြစ်အောင် ကြိုးစားသွားပါမယ်။ အခုလိုပြည်ပခရီးကို ကျွန်တော်တို့တပ်မတော်သားတွေအနေနဲ့ သွားရောက်ဖို့မလွယ်ကူပါဘူး။ လေ့လာရေးခရီး စီစဉ်ပို့ဆောင်ပေးတဲ့ တပ်မတော်အကြီးအကဲကို အထူးကျေးဇူးတင်ရှိပါတယ်။