နေပြည်တာ် ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တို့တွင် စစ်မှုထမ်းဆောင်ရန်ဆင့်ခေါ်ခံရသူများ ထွက်ပြေးနေသဖြင့် ဩဂုတ်လ ၂၆ ရက်နေ့ ညပိုင်းတွင် တပ်မတော်နှင့်ပူပေါင်းတပ်ဖွဲ့များက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲမည်ဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား၍လုပ်ကြံဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။
အဆိုသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက နိုင်ငံတစ်ဝန်း ပြည်သူ့စစ်မှုထမ်းရန်အကျုံးဝင်သူများကို ဆင့်ခေါ်ရာတွင် ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည့် ဖုန်းနံပါတ်များကိုလည်း ပြည်သူများသိရှိစေရန် ထုတ်ပြန်ထားရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူလူထုအထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ထိတ်လန့်စေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။