Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်

နေပြည်တော် ဩဂုတ် ၂၆

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်း မိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် အခမ်းအနားသို့တက်ရောက်လာ ကြသူများနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) မီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် အမျိုးသားမီတာ ၂၀၀၀ တားဆီးကျော်ပြေး ပြိုင်ပွဲတို့ကိုကြည့်ရှုအားပေးရာ အမျိုးသမီးမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် သီရိလင်းလင်း (စစ်ကိုင်း)က ၁၃ ဒသမ ၃၄ စက္ကန့်ဖြင့် ပထမ၊ အေးစန္ဒာဝင်း(မကွေး)က ၁၃ ဒသမ ၄၇ စက္ကန့်ဖြင့် ဒုတိယ၊ ရွှေခရေဦး(ကရင်)က ၁၃ ဒသမ ၄၉ စက္ကန့်ဖြင့် တတိယ၊ အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် စောလဲပွဲခူ(ဧရာဝတီ)က ၁၁ ဒသမ ၂၄ စက္ကန့်ဖြင့် ပထမ၊ အောင်မျိုးဇော်(ပဲခူး)က ၁၁ ဒသမ ၂၆ စက္ကန့်ဖြင့် ဒုတိယ၊ ဇေယျာဖြိုး(စစ်ကိုင်း)က ၁၁ ဒသမ ၂၈ စက္ကန့်ဖြင့် တတိယ၊ အမျိုးသားမီတာ ၂၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲတွင် ကျော်ဇင်ထွန်း(စစ်ကိုင်း)က ၆ မိနစ် ၄၄ ဒသမ ၉၆ စက္ကန့်ဖြင့် ပထမ၊ အောင်မြင့်မြတ်(ရှမ်း)က ၆ မိနစ် ၄၆ ဒသမ ၅၁ စက္ကန့်ဖြင့် ဒုတိယ၊ ဟိန်းသူရအောင်(တနင်္သာရီ)က ၆ မိနစ် ၅၄ ဒသမ ၅၄ စက္ကန့်ဖြင့် တတိယတို့ ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒေါက်တာစိုးဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးထွန်းအုံနှင့် ဦးအောင်ကျော်ဟိုး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သည့် အမျိုးသမီး(လှံတံပစ်၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ သုံးဆင့်ခုန်၊ မီတာ ၁၅၀၀)ပြိုင်ပွဲများနှင့် အမျိုးသား(မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း၊ လှံတံပစ်၊ မီတာ ၁၅၀၀) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းကအမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က အမျိုးသားမီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက အမျိုးသား မီတာ ၂၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က အမျိုးသားမီတာ ၁၀၀၀၀ လမ်းလျှောက် ပြိုင်ပွဲတွင် ၂၀၀၆ ခုနှစ် ပြည့်ဖြိုးထွန်း (ရန်ကုန်)၏ စံချိန် ၄၉ မိနစ် ၂၁ ဒသမ ၀၃ စက္ကန့်ထက် သာလွန်ကောင်းမွန်ပြီး စံချိန် ၄၇ မိနစ် ၅၁ ဒသမ ၁၅ စက္ကန့်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည့် နိုင်လင်းထွန်း (ရှမ်း)ကိုလည်းကောင်း၊ အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ၂၀၁၉ ခုနှစ် မူကိုဖော(ကယား)၏ စံချိန် ၃၅ ဒသမ ၀၈ မီတာထက်ကျော်လွန်၍ စံချိန် ၃၆ ဒသမ ၅၅ မီတာဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည့် နန်းအွမ်ဆိုင်ခမ်း (ရှမ်း) နှင့် အမျိုးသမီး မီတာ ၂၀၀၀ တားဆီးကျော်ပြေးပြိုင်ပွဲတွင် ၂၀၂၃ ခုနှစ် ဇာဇာထွန်း(မန္တလေး)၏ စံချိန် ၈ မိနစ် ၁၂ ဒသမ ၄၄ စက္ကန့်ထက် သာလွန်ကောင်းမွန်ပြီး စံချိန် ၇ မိနစ် ၅၄ ဒသမ ၉၉ စက္ကန့်ဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည့် ခိုင်ဖူးဝေ(ရှမ်း)တို့ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် ရှမ်းပြည်နယ်အသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းက အမျိုးသားတံခွန် စိုက်ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကိုလည်းကောင်း တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီးများက အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးတက်စေရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေး ရည်ရွယ်ချက်များဖြင့် ဩဂုတ် ၂၃ ရက်မှ ၂၆ ရက်အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့တွင် ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း စုစုပေါင်းအင်အား  ၄၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်