နေပြည်တော် ဩဂုတ် ၂၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၇၆)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက်က ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် သူရဦးဘိုနီ၊ ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
လူ့စွမ်းအား အားကောင်းရေး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အမှာစကားပြောကြားရာတွင် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေခံပညာ ဆရာ၊ ဆရာမများ၏အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်ပညာ၊ အသိပညာနှင့် ပြည့်စုံသော ပညာတတ် လူ့စွမ်းအားအရင်းအမြစ်များ ခိုင်မာအားကောင်းရေးသည် အလွန်အရေးကြီးသဖြင့် ကျောင်းသား လူငယ်များ၏ စဉ်းစားတွေးခေါ် ဉာဏ်ရင့်သန်စေရေး၊ ဆန်းသစ်သည့်အယူအဆ၊ အတွေးအခေါ်များနှင့် ကြိုးစားအားထုတ်နိုင်စေရေး သွန်သင်လမ်းပြကြရန်လိုကြောင်း။
တိုက်တွန်းမှာကြား
ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့်ပြည့်ဝပြီး အသိဉာဏ်ပညာဖြင့် ပြည့်စုံသည့် ပညာတတ်လိမ္မာယဉ်ကျေးသည့် မျိုးဆက်သစ်များဖြစ်အောင် ဒုတိယမိဘသဖွယ်စိတ်မှာထားပြီး ဂရုတစိုက် သင်ကြားပျိုးထောင်စေလိုပါကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှရရှိခဲ့သည့် သင်ခန်းစာများကို လုပ်ငန်းခွင်အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး အနာဂတ်တွင်တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ်ရှိသော၊ အမြော်အမြင်ရှိသော မျိုးဆက်သစ်များ၊ လူ့စွမ်းအားအရင်းမြစ်များ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအတူ လက်တွဲ၍ ဘက်စုံပညာရေးအရှိန်ဖြင့် မြှင့်တင်သွားကြရန် တိုက်တွန်းမှာကြားသည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ အခြေခံဆရာ၊ ဆရာမ သင်တန်းသား ၇၃ ဦး၊ သင်တန်းသူ ၃၁၅ ဦး စုစုပေါင်း ၃၈၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်