နေပြည်တော် ဩဂုတ် ၂၅
နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်နံနက်ပိုင်းက ကော်မတီဝင်များဖြစ်ကြသော ဦးထွန်းထွန်းနှင့် ဦးခွန်နေထွန်းဦး၊ သက်ဆိုင်ရာဌာနကြီးမှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက် ကန်အမှတ် (၁) အနီး ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်ရှိ ရေမြောင်းများနှင့် အဓိကရေထွက်ပေါက်နေရာအား နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လုပ်သားနှင့် စက်ယန္တရားများဖြင့် သဲနုန်းများဆယ်ယူရှင်းလင်းခြင်း၊ မြက်ချုံနှင့်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကားလမ်းမပေါ်သို့ ရေတင်ရေဝပ်ခြင်းများမရှိစေရေး ရေဆင်းမြောင်းများ ရေစီးရေလာပိုမိုကောင်းမွန်ရန်အတွက် တူးဖော်ရှင်းလင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့တွင် ယခင်ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငလိုက်ချောင်းအတွင်းရေလျှံကာ ချောင်းတစ်လျှောက် ရေကြီးရေလျှံခြင်း ယာယီဖြစ်ပေါ်ခဲ့သည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး ရေများပြန်လည်လျော့ကျလျက်ရှိသည့် ငလိုက်ချောင်းတစ်လျှောက်တွင် တင်ကျန်နေသည့် သဲနုန်းနှင့်အမှိုက်များ ရှင်းလင်းဆောင်ရွက်ရေး၊ (၈၅) တံတားအောက်ရှိ ရေစက်ရုံအဆောက်အအုံနှင့် စက်ပစ္စည်းများအား သန့်ရှင်းရေးပြန်လည်ဆောင်ရွက်ရေး၊ (၉) လမ်းတံတားအနီးရှိ ရာဘာတမံတွင် တင်ကျန်ခဲ့သော အမှိုက်သရိုက်များအား ရှင်းလင်းဆောင်ရွက်ရေးနှင့် ရေဝင်ရောက်နစ်မြုပ်ခဲ့သည့် လူနေအိမ်များအား ကူညီစောင့်ရှောက်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။
ထို့နောက် ဘောဂသီရိကားဝင်းအတွင်း မိုးရေများစီးဝင်မှုမှတစ်ဆင့် ချောင်းမြောင်းများ ယာယီရေကြီး ရေလျှံဖြစ်ပေါ်၍ ရေဝင်ရောက်ခဲ့သည့် ဝန်ထမ်းလိုင်းခန်းအတွင်းတင်ကျန်နေသည့် သဲနုန်းနှင့်အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေးအတွက် ဂရုပြုဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်