ပျဉ်းမနား ဩဂုတ် ၂၅
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်းရေ ကျဆင်းမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငလိုက်ချောင်းအတွင်း ရေမြင့်တက်မှုကြောင့်ပါရှိလာသည့် အမှိုက်များအား အမြန်ဆုံးရှင်းလင်းဖယ်ရှားပြီး ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်သည် ပျဉ်းမနားမြို့ ကူးတို့ဆိပ်ကျေးရွာအုပ်စုသို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ ရေဘေးကြောင့် နောက်ဆက်တွဲဖြစ်ပွားတတ်သည့် ဝမ်းရောဂါကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် အစားအသောက်များကို အထူးဂရုပြု နေထိုင်စားသောက်ကြရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ကူးတို့ဆိပ်ကျေးရွာအုပ်စုအတွင်း ရေဝင်ရောက်ခဲ့မှု အခြေအနေများကိုလှည့်လည်ကြည့်ရှုပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ အသိပေးဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ ကူးတို့ဆိပ်ကျေးရွာ၌ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့် စာကြည့်တိုက်အဆောက်အအုံအသစ် တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်