ရန်ကုန် သြဂုတ် ၂၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့မွန်းလွဲပိုင်းက ကမ္ဘာအေးဟံသာသီရိကုန်းမြေသို့သွားရောက်၍ ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်ပြုပြင်ခဲ့ပြီးဖြစ်သော ဆရာတော်ကြီးများ သီတင်းသုံးတည်းခိုဆောင်များဖြစ်သည့် ရွှေဟင်္သာကျောင်းဆောင်၊ ဦးထွန်းကြည်ကျောင်းဆောင်၊ စိန်ရတုကျောင်းဆောင်၊ မင်းလှကျောင်းဆောင်၊ သူရဦးထွန်းတင်ကျောင်းဆောင်နှင့် ကပ္ပိယကျောင်းဆောင်များအတွင်းရှိ ရဟန်းအသုံးအဆောင်ပစ္စည်းများ ခင်းကျင်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကမ္ဘာအေးကုန်းမြေ ပိဋကတ်တိုက်အဆောက်အဦရှိ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲသို့ သွားရောက်၍ပိဋကတ်သုံးပုံ အင်္ဂလိပ်ဘာသာပြန်ဆို တည်းဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ရဟန်းတော်များ၊ ပိဋကတ်ဘာသာပြန် စာတည်းကော်မတီအဖွဲ့ ဆရာကြီး/ ဆရာမကြီးများနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီးက ပိဋကတ်သုံးပုံပါဠိတော် ၅၃ ကျမ်းအနက် ယခင်က ၂၇ ကျမ်း၊ စာအုပ်ရေအားဖြင့် ၂၅ အုပ်ထုတ်ဝေနိုင်ခဲ့ပြီးဖြစ်ရာ ယခုကာလအတွင်း ကျမ်း ၄ ကျမ်း စာအုပ်ရေအားဖြင့် ၄ အုပ် ထပ်မံပုံနှိပ်နိုင်မည်ဖြစ်ပါသဖြင့် စုစုပေါင်းကျမ်း ၃၁ ကျမ်း၊ စာအုပ်၂၉ အုပ် ထွက်ရှိလာမည်ဖြစ်ပြီး ထပ်မံ၍လည်းကျန်ရှိနေသည့် ဘာသာပြန်ကျမ်းစာအုပ်များ ထွက်ရှိနိုင်ရေး ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းစဉ် ၅ ရပ်နှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းရာ တက်ရောက်လာသည့် ရဟန်းတော်များနှင့် ပိဋကတ်ဘာသာပြန်စာတည်းကော်မတီအဖွဲ့က ဘာသာပြန်လုပ်ငန်းဆောင်ရွက်ရာတွင် ဆဋ္ဌမူအတိုင်းပြောင်းလဲမှုမရှိစေဘဲ လူပုဂ္ဂိုလ်အများနားလည်နိုင်သည့် စကားလုံးများဖြင့် အတတ်နိုင်ဆုံးစိစစ်တည်းဖြတ်လျက်ရှိကြောင်းဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အမှားအယွင်းမရှိစေရေးစာတည်းအဖွဲ့ဖြင့် တိုင်ပင်ညှိနှိုင်းပြီး ဆောင်ရွက်သွားရန်လိုကြောင်း ညှိနှိုင်းလျှောက်ထားကာ ရဟန်းတော်များနှင့် ပိဋကတ်ဘာပြန် စာတည်းကော်မတီအဖွဲ့ ဆရာကြီး ဆရာမကြီးများကို အလှူငွေများ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်