Skip to main content

ပြည်ပမှစက်သုံးဆီသင်္ဘောများ အစီအစဉ်အတိုင်း ဆိုက်ကပ်လျက်ရှိပြီး ပုံမှန်ဖြန့်ဖြူးမှုအပြင် တိုးမြှင့်ဖြန့်ဖြူးမှုကြောင့် အရောင်းဆိုင်များ၏ဖြန့်ဖြူးမှု ပုံမှန်အခြေအနေသို့ရောက်ရှိခဲ့၍ စက်သုံးဆီဈေးနှုန်းများလည်း ယခင်ထက်လျော့နည်းကျဆင်း

နေပြည်တော် ဩဂုတ် ၂၃

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေအရ ဖူလုံစွာဖြန့်ဖြူးနိုင်ရန်အတွက် ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများအား Shipment Plan အစီအစဉ်အတိုင်း အဆက်မပြတ်ဝင်ရောက်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၂ ရက်တွင် ရန်ကုန်မြစ်ဝ Pilot ၌ ဆီတင်သင်္ဘောခြောက်စင်းရောက်ရှိ အသင့်စောင့်ဆိုင်းလျက်ရှိပြီး သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်း သင်္ဘောလေးစင်းရောက်ရှိ ဆိုက်ကပ်၍ ဒီဇယ်ဆီ တန် ၇၀၀၀၀ ကျော်နှင့် ဓာတ်ဆီတန် ၁၁၀၀၀ ကျော်အား သိုလှောင်ကန်များတွင် ချယူဖြည့်တင်းလျက်ရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့်ဆီတင်သင်္ဘောများလည်း အစီအစဉ်တိုင်း ဝင်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပို့ဆောင် မည့် ဆီတင်ယာဉ် Bowser များ အချိန်မီထွက်ခွာနိုင်ရေး၊ သီလဝါ သိုလှောင်ကန်စခန်းများရှိ ဆီဖြည့်တင်းပေးမှုများ အဆင်ပြေချောမွေ့ စေရေးတို့ကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိ

နိုင်ငံအနှံ့အပြားတွင် မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် လမ်းခရီးအခြေအနေအရ စက်သုံးဆီများ သယ်ယူပို့ဆောင်မှု ပုံမှန်ထက် အနည်းငယ်နှောင့်နှေးကြန့်ကြာမှုကြောင့် အဓိကအားဖြင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခြင်း လျော့နည်းသွားစေရန်နှင့် အရောင်းဆိုင်များ တွင် ဆီပြတ်လပ်မှုမရှိစေရန် အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဆိုင် ၁၀၀ ခန့်၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဆိုင် ၂၀၀ ခန့်၊ မန္တလေးတိုင်းဒေသကြီးရှိ ဆိုင် ၇၀၀ ခန့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဆိုင် ၂၅၀ ခန့် တို့အပါအဝင် နိုင်ငံတစ်ဝန်း အရောင်းဆိုင် ၃၀၀၀ ကျော်တို့သို့ ဆီတင် ယာဉ် ၁၀၀၀ ကျော်အထိ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိပြီးလိုအပ်သည့် အရောင်းဆိုင်များသို့ အရေးပေါ် Urgent နှင့် အထူး Special အစီအစဉ်တို့ဖြင့်လည်း ထပ်တိုးဖြန့်ဖြူးခဲ့ရာ ယနေ့အထိ ဓာတ်ဆီနှင့်ဒီဇယ်ဆီ စုစုပေါင်းဂါလန်သုံးသန်းခန့် ပိုမိုဖြန့်ဖြူးပေးခဲ့သည့်အပြင် ဆီတင်ယာဉ်များ အရောင်းဆိုင်များသို့ အချိန်မီရောက်ရှိ ဖြည့်တင်းနိုင်မှုတို့ ကြောင့် ယခုရက်ပိုင်းအတွင်း ယာဉ်တန်းစီဝယ်ယူမှုများ လျော့နည်းကျဆင်းကာ ပုံမှန်ဝယ်ယူမှုအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဆက်လက်တိုးမြှင့် ဖြန့်ဖြူးပေးရန် စီစဉ်လျက်ရှိသည်။

ထို့ပြင် အရောင်းဆိုင်များ တွင်ရောင်းချလျက်ရှိသည့် စက်သုံးဆီအမယ်လိုက် ဈေးနှုန်းများသည်လည်း ယမန်နေ့ထက် လျော့နည်းကျဆင်းလျက်ရှိကြောင်းနှင့် ပြည်ပမှစက်သုံးဆီများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ကောလာဟလများကြောင့် အများပြည်သူများ လိုအပ်သည်ထက်ပိုမို၍ ဝယ်ယူမှုများပြားသည့်အတွက် လိုအပ်သလောက်သာ ဝယ်ယူကြရန်နှင့် အရေးကြီးအသုံးများသည့် အရောင်းဆိုင်များသို့လည်း ပုံမှန်ဖြန့်ဖြူးမှုထက် ပိုမိုဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်