နေပြည်တော်၊ စက်တင်ဘာ ၁၅
ကမန်အမျိုးသားတိုးတက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှတိုးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီ အစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံသူ/နိုင်ငံသားများခင်ဗျား မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
လေးစားအပ်ပါသော မဲဆန္ဒရှင်နိုင်ငံသူ/နိုင်ငံသားများခင်ဗျား
ကျွန်တော်ကတော့ ကမန်အမျိုးသားတိုးတက်ရေးပါတီ(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှတိုးဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီကို ၂၀၁၀ ခုနှစ် ဇွန်လတွင် ပါတီတည် ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသောတိုင်းရင်းသားလူမျိုး ရှစ်မျိုးကိုတော့ လူတိုင်း သိကြပါတယ်။ ရခိုင်မျိုးနွယ်စုမှာပါဝင်တဲ့ ကမန်တိုင်းရင်းသားလူမျိုးစုကိုတော့ လူတိုင်း မသိကြပါဘူး။ ကမန်တိုင်းရင်းသားလူမျိုးစုဟာ ရခိုင်ပြည်နယ်မှ ပေါက်ဖွားလာကြတဲ့တိုင်းရင်း သားလူမျိုးစု ဖြစ်ပါတယ်။
ကမန်လူမျိုးတွေဟာ ရခိုင်ဘုရင်အုပ်စိုးစဉ်ကာလကပင် ရခိုင်တပ်မတော်မှ လေးကိုင်သူရဲ ကောင်းများအဖြစ် သစ္စာရှိစွာ အမှုထမ်းခဲ့ကြသည့် လူမျိုးများဖြစ်ကြောင်း ရခိုင်ဆရာတော် ကြီးများ ရေးသားသည့်သမိုင်းရာဇဝင် အထောက်အထားမှတ်တမ်းတွေမှာ ရေးသားထားတာ တွေကို တွေ့ရှိရပါတယ်။ ကမန်လူမျိုးတွေဟာ တိုင်းရင်းသားလူမျိုးဖြစ်သည့်အတွက် မြန်မာ့ နိုင်ငံရေးမှာ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်အချိန်တွေမှာလည်း နိုင်ငံရေးကိစ္စတွေမှာ တစ်တပ် တစ်အား ပါဝင်ဆောင်ရွက်ခဲ့သလို ၁၉၉၀ ခုနှစ်တွင်လည်း ကမန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုတည်ထောင်ပြီး လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခံခဲ့ရသော်လည်း အကြောင်း အမျိုးမျိုးကြောင့် လွှတ်တော်ဖွဲ့စည်းခွင့်၊ လွှတ်တော်တက်ရောက်ခွင့် မရရှိခဲ့ပါဘူး။ ၂၀၁၀ ခုနှစ်တွင်လည်း ကမန်အမျိုးသားတိုးတက်ရေးပါတီကို တည်ထောင်ပြီး ရခိုင်ပြည်နယ်အနှံ့ အပြားတွင် ကိုယ်စားလှယ်လောင်း ခြောက်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တွင်လည်း ကျွန်တော်တို့ပါတီမှ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ရခိုင်ပြည်နယ်အချို့နေရာ များတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၂၀ ခုနှစ်တွင်လည်း ရန်ကုန်တိုင်းတွင် သုံးနေရာနှင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၌ ကိုယ်စားလှယ်လောင်း နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားပြီး ဖြစ်ပါတယ်။
မဲဆန္ဒရှင်ပြည်သူများခင်ဗျား…
ကျွန်တော်တို့ပါတီဟာ မိမိတို့လူမျိုးဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံဖွဲ့စည်းထားပေမယ့် ပါတီ ဝင်အဖြစ် လျှောက်ထားရာတွင် နိုင်ငံသူ၊ နိုင်ငံသားမည်သူ့ကိုမဆို ဝင်ရောက်ခွင့်ပြုထားပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားသည့် ဥပဒေနှင့် ညီညွတ်သူမည်သူမဆို လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့် ပါတီဝင်တိုင်းကတော့ ကမန်လူမျိုးဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့မရှိပါဘူး။ ယခု ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ နိုင်ငံတော်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်မယ့် အစိုးရသစ်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို တည့်မတ်ထိန်း ကျောင်းပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်များ ပေါ်ထွက်လာရေး ရည်ရွယ်လျက် သမာသမတ်ကျကာ ကိုယ်ကျိုးမဖက်ဘဲ အဂတိတရားကင်းရှင်းပြီး မှန်ကန်ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်တစ်ရပ် ပေါ်ပေါက်လာရေးနဲ့ ပြည်သူတွေလိုလားချက်ကို အကောင်အထည်ဖော်နိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်ရန် အရေးကြီးပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်တွေကို အကောင်းဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် အစိုးရကို တိုက်တွန်းတင်ပြနိုင်မယ့် ပြည်သူ့ကိုယ်စားလှယ်များ ပေါ်ထွန်းလာရေးမှာ ပြည်သူများကသာ ရွေးချယ်ပေးမယ့် မဲတစ်ပြားအပေါ် အဓိကမူတည်လျက် ရှိပါတယ်။
ဒါကြောင့် နိုင်ငံတော်နဲ့ပြည်သူတွေရဲ့အကျိုးကို အမှန်တကယ် ထိထိရောက်ရောက် ဆောင် ရွက်ပေးနိုင်မယ့် အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ်များကို သေချာစဉ်းစားဆင်ခြင်ပြီး မဲပေးရမှာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့အကျိုးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်မပေးနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်မိခဲ့ရင် နိုင်ငံသူ၊ နိုင်ငံသားများရဲ့အခက်အခဲများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်မှာမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။
ကျွန်တော်တို့ပါတီက အမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်တွေကတော့ ရပ်ရွာ အကျိုး၊ နိုင်ငံအကျိုးအတွက်စိတ်ကောင်းစေတနာမှန်နဲ့ မိမိတတ်နိုင်သည့်ဘက်မှ ဥပဒေနဲ့အညီ အားကြိုးမာန်တက်ကြိုးစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ တကယ်မလုပ်နိုင်တဲ့ကိစ္စကို ကတိလွယ်လွယ်ပေးပြီး ပြည်သူများဆီမှမဲကို လိမ်လည်ရယူသူများ မဖြစ်စေရပါဘူး။
ကျွန်တော်တို့ဟာ ကမန်တိုင်းရင်းသားတွေဖြစ်ပါတယ်။ ဒါပေမယ့် မိမိလူမျိုးအတွက်သာ အမြင်ကျဉ်းကျဉ်းနဲ့ ဦးစားပေးဆောင်ရွက်ပေးသွားမည့်သူများမဟုတ်ဘဲ မိမိဒေသ၊ ရပ်ကွက် ကျေးရွာများနဲ့ နိုင်ငံတော်တစ်ဝန်းလုံးရှိ ပြည်သူများ၏ အခက်အခဲ၊ အကျပ်အတည်းများကို ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် တို့ဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ကိုယုံကြည်စွာ ဆန္ဒမဲပေးခဲ့တဲ့ဒေသ၊ မြို့ရွာများမှ ပြည်သူများရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေးတန်းတူရရှိရေးနှင့် နိုင်ငံသားတွေရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ဖြေရှင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရကို တင်ပြနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှသာ ကူညီဆောင်ရွက်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု အောင်မြင်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် တိုက်တွန်းတင်ပြပေးမှာ ဖြစ်တဲ့အတွက် ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံတော်တည်ဆောက်ရေးကိုလည်း ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်ထဲက ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ကိုယ် စားလှယ်လောင်းများကို ဆန္ဒမဲပေးခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည့်အခါ လူနည်းစုနိုင်ငံသားများရဲ့ အခက်အခဲအကျပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အပြင် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ထောင်ရေးအတွက်လည်း အားသွန်ခွန်စိုက် တိုက်တွန်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီရဲ့ဖွဲ့စည်းပုံမှာ ဖော်ပြထားသည့်အတိုင်း ဒီမိုကရေစီဘောင်အတွင်းက ဥပဒေနဲ့အညီ အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားလူတန်းစားများနှင့် အဖိနှိပ်ခံပြည်သူများရဲ့ အခွင့်အရေးများကို အပြည့်အဝရရှိအောင် အစွမ်းကုန်ဆောင်ရွက်သွားပြီး လူမျိုးရေး၊ ဘာသာရေး၊ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုများကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်သွားပါမယ်။ အဲဒါကြောင့် မဲဆန္ဒရှင်နိုင်ငံသူ နိုင်ငံသားများအနေနဲ့ အသည်းကြားက မဲတစ်ပြားကို မဲပေးတဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အကျင့်စာရိတ္တ ကောင်းမကောင်း၊ စိတ် ကောင်းစေတနာမှန် ရှိ၊ မရှိ၊ သမာသမတ် ရှိ၊ မရှိတို့ကို လေ့လာဆုံးဖြတ်ပြီး မဲပေးကြဖို့အတွက် အရွေးမမှားစေရန် စေတနာကောင်းနဲ့ သတိပေးပြောကြားလိုပါတယ်။ ကျွန်တော်တို့ ကိုယ်စား လှယ်တွေကတော့ ကိုယ်လုပ်မပေးနိုင်တာကို ပုံကြီးချဲ့ပြီး ချမပြလိုပါဘူး။ ကိုယ်ကြိုးစားပြီး ဆောင်ရွက်နိုင်မယ့်ကိစ္စတွေကိုသာ ပြည်သူအကျိုးအတွက် ဥပဒေနဲ့မဆန့်ကျင်ဘဲ ဆောင်ရွက်ပေးသွားပါမယ်လို့ တင်ပြလိုပါတယ်။
မဲဆန္ဒရှင် နိုင်ငံသူ နိုင်ငံသားများခင်ဗျား….
ကျွန်တော်တို့ပါတီရဲ့ မူဝါဒကိုလည်း အခုလိုဖော်ပြပေးထားပါတယ်။
(၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် လောကပါလတရား များကို အခြေခံပြီး လူ့အခွင့်အရေး များကို လေးစားလိုက်နာသော ပြည်ထောင်စုဖွား ပြည်သူပြည်သားများ၊ ပါတီများနှင့် လက်တွဲပြီး အနာဂတ်မှာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ကို အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာစေဖို့ အစွမ်းကုန် ကြိုးပမ်းသွားရေး။
(၂) အကြမ်းဖက်ဝါဒနဲ့ အခြားအစွန်းရောက် ဘယ်ဝါဒမျိုးကိုမဆို ဆန့်ကျင်သွားရေး။
(၃) ကမ္ဘာ့နိုင်ငံများအပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ ဖြောင့်မတ်ပြီး ဘက်မလိုက်မူဝါဒကို အခြေခံတဲ့ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးတွင် ပါဝင်ကူညီရေး။
(၄) နိုင်ငံတစ်ဝန်းလုံးမှာ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရေး။
(၅) မြန်မာလူ့အဖွဲ့အစည်းကို အကျိုးမပြုသော အတွေးအခေါ်၊ အယူအဆများ ပပျောက်ချုပ် ငြိမ်းသွားအောင် ပညာပေးစည်းရုံးရေးတို့ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အတွင်းကို ဝင်ရောက်ရေး အတွက် မကြာမီပြည်သူများက မဲပေးခွင့်ရတော့မှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီစနစ် တစ်ရပ်မှာ မိမိတို့ရွေးချယ်လိုတဲ့ ခေါင်းဆောင်ကို မဲပေးခွင့်ရရှိနေခြင်းဟာလည်း ဒီမိုကရေစီရဲ့ အစိတ် အပိုင်းတစ်ရပ်ဖြစ်တာမို့လို့ မဲပေးမမှားဖို့၊ လူရွေးမမှားဖို့၊ ပါတီအရွေးမမှားဖို့ အလွန်အရေးကြီးပါတယ်။ ပြည်သူများအနေဖြင့် နိုင်ငံရေးဘက်ကို နည်းနည်းလေးဖြစ်ဖြစ်အချိန်ပေးပြီး လေ့လာ စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ်ပေးရမယ့်မဲပြားကို လေးလေးနက်နက် တန်ဖိုးထားစေချင်ပါတယ်။ တတ်နိုင်သလောက်အချိန်ပေးပြီး စဉ်းစားဆုံးဖြတ်စေချင်ပါတယ်။ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရာမှာ ကိုယ်ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်ဟာ အရည် အချင်း ကောင်း၊ မကောင်း၊ အများပြည်သူများရဲ့အကျိုးကို ဆောင်ရွက်နိုင်စွမ်းရှိသူ ဟုတ်၊ မဟုတ် ခွဲခြားသိနိုင်ရန် ပြည်သူတွေအနေနဲ့ စဉ်းစားဖို့ လိုအပ်ပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ မဲပေးရွေးချယ်ရန်တာဝန်ကို အလေးထားမဆောင်ရွက်ခဲ့တဲ့အတွက် ပဲဖြစ် ဖြစ်၊ မဲပေးမှားခဲ့တာကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံတော်အတွက် အများပြည်သူအတွက် လူကောင်းသူကောင်းတွေ၊ လွှတ်တော်အဆင့်ဆင့်ထဲကို ရောက်လာခဲ့လို့ရှိရင် ကျွန်တော်တို့နိုင်ငံရဲ့ အခြေ အနေ တိုးတက်လာနိုင်မလား၊ ဘယ်လိုဖြစ်သွားမလဲဆိုတာကို သေချာစဉ်းစားဆုံးဖြတ်ကြစေလိုပါတယ်။ တိုင်းပြည်ရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးရမည့်သူများမှာ မဲဆန္ဒရှင် နိုင်ငံသူ၊ နိုင်ငံသားများသာ ဖြစ်ပါတယ်။
မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား ကျွန်တော်တို့ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ လွှတ် တော်ကိုယ်စားလှယ်လောင်းများကို အပြည့်အဝမဲပေးခဲ့မယ်ဆိုလျှင် ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်လာကြမှာပါ။ အဲဒီအခါမှာ ကျွန်တော်တို့ကို မဲပေးခဲ့တဲ့ ဒေသခံပြည်သူများရဲ့အကျိုး၊ ရပ်ကွက်ကျေးရွာ၊ နိုင်ငံသူ၊ နိုင်ငံသားများရဲ့အကျိုးကို အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီဟာ လူမျိုးစုတိုင်းရင်း သားပါတီဖြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်၊ မဲဆန္ဒနယ်(၁)တွင် တစ်ဦး၊ တာမွေမြို့နယ်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၂) တွင် တစ်ဦး၊ မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်(၁)တွင်တစ်ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် တစ်ဦးနှင့် ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁)တွင် တစ်ဦး စုစုပေါင်းငါးဦးဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကမန်အမျိုးသား တိုးတက်ရေးပါတီရဲ့ တံဆိပ်ကတော့ ယခုပြသထားတဲ့ပုံ ဖြစ်ပါတယ်။
နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား ပြည်သူများရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်မယ့် ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်များကို ရွေးချယ်မဲပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ် အပ်ပါတယ်။
နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကျန်းမာရွှင်လန်းကြပါစေ။