Skip to main content

တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) ကျင်းပ

နေပြည်တော် ဩဂုတ် ၂၃

တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီးခေါင်းဆောင်များညီလာခံ (3rd ASEAN Women Leaders’ Summit) ကို ယနေ့တွင် Video Conferencing စနစ်ဖြင့် လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့် Focal Point ဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အာဆီယံအမျိုးသမီးကော်မတီ (ACW) Focal Point နှင့် အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်မှတ်ပုံတင်ကဏ္ဍ (AWPR) အဖွဲ့ဝင် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အာဆီယံအမျိုးသမီး အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ် မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာတာဝန်ခံများက Online ဖြင့် တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် လာအိုနိုင်ငံ၏ဝန်ကြီးချုပ် H.E Sonexay Siphandone နှင့် တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားကြသည်။

ယင်းနောက် တတိယအကြိမ်မြောက် အာဆီယံအမျိုးသမီး ခေါင်းဆောင်များညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “Strengthening Care Economy and Resilience Towards ASEAN Community Post-2025” နှင့်စပ်လျဉ်း၍ Plenary Session တွင် အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များက Panelist များအဖြစ် ပါဝင်ဆောင်ရွက်၍ အတွေ့အကြုံနှင့် အမြင်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

အဆိုပါ Plenary Session တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံအနေဖြင့် ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးများအပေါ် အလေးထားတန်ဖိုးထားမှုဓလေ့များသည် လူမှုအဖွဲ့အစည်းအတွင်း အမြစ်တွယ်လျက်ရှိပြီး အိမ်ထောင်စုများအလိုက် ပြုစုစောင့်ရှောက်မှုပေးသူ အမျိုးသမီးများကို အသိအမှတ်ပြု ထောက်ပံ့ကူညီပေးလျက်ရှိပါကြောင်း၊ အာဆီယံလူမှုကာကွယ်စောင့်ရှောက်ရေး ခိုင်မာအားကောင်းစေရေး ကြေညာစာတမ်း၊ အာဆီယံလူမှုစီးပွားဘဝ စောင့်ရှောက်အကာအကွယ်ပေးရေးဆိုင်ရာ မူဘောင်တို့နှင့်အညီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် ချမှတ်ဖော်ဆောင်ခဲ့ပြီး အဆိုပါအစီအစဉ်၏လုပ်ငန်းနယ်ပယ် (၈) ခုအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်နှင့်အောက် ကလေးသူငယ်များအား ထောက်ပံ့ခြင်းအစီအစဉ်နှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်နှင့်အောက် ကလေးသူငယ်များအား ထောက်ပံ့ခြင်းအစီအစဉ်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ အကျိုးခံစားခွင့်ရှိသူ ၂၉၀၀၀၀ ကို စုစုပေါင်းငွေကျပ်ဘီလီယံ သန်းပေါင်း ၁၄ ဘီလီယံထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ လူမှုရေးပင်စင် ထောက်ပံ့ခြင်းအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကျိုးခံစားခွင့်ရှိသူ ၁၆၀၀၀၀ ကို စုစုပေါင်းငွေကျပ်ဘီလီယံသန်းပေါင်း ၁၆ ဘီလီယံ ထောက်ပံ့နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် သက်ကြီးသူများ နေ့ပိုင်း စောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ထားရှိပေးပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး သင်တန်း များပြုလုပ်ပေးခြင်း၊ သက်ကြီးသူများဖြင့် ပါဝင်စုဖွဲ့ ထူထောင်ထားရှိသည့်အဖွဲ့များသို့ နှစ်စဉ်ငွေကြေးထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ၂၄ နာရီ ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်မှ စတင်ခဲ့ပြီး သတင်းပေးပို့တိုင်ကြားလာသူများကို လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းလမ်းညွှန်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ကလေးသူငယ်များအတွက် အနာဂတ်သင်ယူမှုနှင့် ဘဝသာယာရေးတို့အတွက် ခိုင်မာသောအခြေခံအုတ်မြစ် ချမှတ်နိုင်စေရန်အတွက်ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ECCD) လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးတွင် မူလတန်းကြိုကျောင်း ၂၇၀၀ နှင့် မိခင်ဝိုင်း ၅၃၅ ဝိုင်းတို့ကို တည်ထောင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။

မသန်စွမ်းသူများ အတွက်လည်း မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇) ကို ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြုစုစောင့်ရှောက်သူများကို ဂုဏ်ပြုခြင်းနှင့် မြှင့်တင်ပေးခြင်းစသည့် အခြေခံအချက်များကို အတူတကွဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသအတွင်းရှိ အမျိုးသမီးများ၊ ပြုစုစောင့်ရှောက်သူများနှင့် မိသားစုများအတွက် ကူညီ ထောက်ပံ့မှုများရရှိစေမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လာအိုနိုင်ငံဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ညီလာခံကိုရုပ်သိမ်းသည်။ အာဆီယံနိုင်ငံများမှ လူမှုစီးပွားဘဝစောင့်ရှောက်ကာကွယ် ပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အစိုးရဌာနဆိုင်ရာများကို Care Economy Award ဆု ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ Care Economy Award ဆုကိုရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်