Skip to main content

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၃

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း‌ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဦးခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ ဗဟိုဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမောင်မောင်၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး (LDU)မှ ဒုတိယဥက္ကဋ္ဌကျာဖူး၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်နိုင်အောင်မငေး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ခွန်မင်းသိန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းတို့က နှုတ်ခွန်းဆက်စကားများပြော ကြားကြသည်။

ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးမှုအကူအညီပေးအပ်နိုင်ရေးကိစ္စရပ်တို့နှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။ ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီးတွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်