နေပြည်တော် ဩဂုတ် ၂၃
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်း အဝေး(၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီးရုံး စုပေါင်းခန်းမ၌ကျင်းပရာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးကြည်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌက ကလေးသူငယ်များ၏ဘဝ သာယာဝပြောရေးနှင့် ကာကွယ်စောင့်ရှောက်မှု ပြီးပြည့်စုံစွာရရှိနိုင်ရေးကို ဝန်ကြီးဌာနအနေဖြင့် အရေးကြီးသောလုပ်ငန်းတစ်ရပ်အဖြစ်သတ်မှတ်၍ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထိရောက်သောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါဒကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မူဝါဒကို ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ၊ အလွဲသုံးမှုများ၊ လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မြတ်ထုတ်ခံရမှုများမှ ထိရောက်စွာကြိုတင်ကာကွယ်နိုင်ရန်နှင့် ကလေးများအတွက် ဘေးကင်းလုံခြုံ၍ ကာကွယ်စောင့်ရှောက်မှုရှိသော ပတ်ဝန်းကျင်ဖန်တီးပေးနိုင်ရန်၊ အစိုးရဌာနများ၊ အဖွဲ့အစည်းများအားလုံးသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး တာဝန်ယူပါဝင်လာစေရေးကိုဦးတည်၍ ရေးဆွဲဆောင်ရွက်နေပြီး လုပ်ငန်းကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များအား ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ထည့်သွင်းဆောင်ရွက်နိုင်ခြင်းဖြင့် ကလေးသူငယ်၏ဘဝ သာယာဝပြောရေးနှင့် ကာကွယ်စောင့်ရှောက်ရေး နယ်ပယ်အားလုံးတွင် ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်း၊ အားလုံးလွှမ်းခြုံသော ကာကွယ်စောင့်ရှောက်ရေးမူဝါဒအဖြစ်ရရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီ (၁/၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒ (Child Protection Policy) ရေးဆွဲဆောင်ရွက်ထားရှိမှုအခြေအနေများကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်