Skip to main content

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဩဂုတ် ၂၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ကျောင်းသား/သူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူများ မှန်ကန်သည့်အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏အနာဂတ်ကို အသိပညာပြည့်ဝသည့် လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ ဘဝသည် အလွန်အရေးကြီးပြီး ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့်ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ကြရမည့်လုပ်ငန်းမဟုတ်ဘဲ လူ့အဖွဲ့အစည်းအသီးသီးကပါ ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့်အချက်များနှင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊  ဒါကြောင့် တိုင်းပြည်၏စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများ ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ဆရာ/ဆရာမများက ဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့်အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စာပေအသိပညာဟောပြောပေးသော စာရေးဆရာအန်ကယ်ပညာနှင့် စာရေးဆရာဖိုးရွှေသွန်းအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ကာ စကားရည်လုပြိုင်ပွဲတွင် အနိုင်ရအဖွဲ့များအား ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက စာစီစာကုံး (အထက်တန်း) အဆင့်တွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက စာစီစာကုံး (အလယ်တန်း) အဆင့်တွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

၄င်းနောက်် တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ကျောင်းသား/သူများ (၁၀၀) ဦးတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး ပွဲတော်အထိမ်းအမှတ်အားကစားပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား/သူများအား ဆုများချီးမြှင့်ကာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊  မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အလှူရှင်များ (ကိုယ်စား) ကျောင်းအကျိုးတော်ဆောင်တို့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များအားလည်းကောင်း၊ အလှူရှင်များက လှူဒါန်းငွေများအားလည်းကောင်း ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးလွင်ဦးက လက်ခံရယူသည်။

ထို့နောက် ဆုရရှိသောကျောင်းသား/သူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ပြန်လည်၍ သရုပ်ပြပြီး ကျောင်းသား/သူများက ဘက်စုံပညာဂုဏ်ရည်တို့လှမ်းချီသီချင်းဖြင့် သီဆို၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ် (၂၅) သိန်း၊ အလှူရှင်များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကျောင်းသား/ကျောင်းသူများကို အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်