Skip to main content

အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန် ဩဂုတ် ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ်အလေးအနက် တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံးအေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အီရတ်နိုင်ငံ ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Erbil မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မလွင်လွင်ည်အား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေး အဖွဲ့ (IOM)၊ အီရတ်အာဏာပိုင်နှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသအခြေစိုက် SEED လူမှုကူညီရေးအဖွဲ့အစည်းတို့နှင့် ပူးပေါင်းဆောင်ရွက်၍ မလွင်လွင်ကြည်အား ပိတ်လှောင်ခံထားရသည့် အေဂျင်စီရုံးမှ ကယ်တင်ခဲ့သည့်အပြင် IOM နှင့် SEED အဖွဲ့အစည်းများကလည်း အီရတ်နိုင်ငံ၏ ပြည်တွင်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ မလွင်လွင်ကြည်သည် ဩဂုတ် ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၀၅ မိနစ်တွင် အီရတ်နိုင်ငံ Erbil မြို့မှ တူကီယဲနိုင်ငံ Istanbul မြို့ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ဘန်ကောက် - ရန်ကုန်လေကြောင်းခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ထွက်ခွာခဲ့ရာ ယနေ့ ည ၉ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အနေဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်း‌ကူညီ ဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး

ညိမ်းသူ(သတင်းစဉ်)