နေပြည်တော် ဩဂုတ် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် မင်းလှသာစည်ကျေးရွာသို့ရောက်ရှိစစ်ဆေးပြီး မိမိတို့ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသောမျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အသေးစားတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများအတွက် သမဝါယမအသင်းရန်ပုံငွေများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများဖြင့်လိုအပ်သည့် မတည်ရင်းနှီးငွေများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ မြင်းကပါကျေးရွာကို ခေတ်မီစံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်း (Smart Village) ၏ အဓိကကဏ္ဍကြီး (၆) ရပ်ဖြစ်သည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု ကူညီထောက်ပံ့မှုလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက်စီးပွားမြင့်မားရေးလုပ်ငန်းများ၊ အသင်းအဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဏ္ဍအလိုက် ဌာနပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ကျေးရွာတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပျော်ဘွယ်မြို့ရှိ မန်းရတနာဝါဂွမ်းနှင့် ဝါမျိုးစေ့ရောင်းဝယ်ရေးစက်ရုံများသို့ရောက်ရှိပြီး တိုးချဲ့ဆောင်ရွက်လိုသည့် ဝါကြိတ်စက်ကို သမဝါယမစနစ်ဖြင့် အရင်းအနှီးထောက်ပံ့ပေးနိုင်ရေးနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပျော်ဘွယ်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများ၏တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ရမည်းသင်းမြို့နယ် ကူတိုကျေးရွာရှိ ရတနာရွှေကူစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း၌ကျင်းပသည့် ဝါစိုက်အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ ဝါမျိုးစေ့ပေးအပ်ပွဲနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက အသင်းသားတောင်သူ ၈၆ ဦး၏ ဝါစိုက်ဧက ၂၃၂ ဧကအတွက် India နိုင်ငံထုတ် RAKA ဝါမျိုးစေ့များနှင့် သွင်းအားစု ဓာတ်မြေဩဇာများကိုပေးအပ်ခဲ့ပြီး အသင်းသားတောင်သူများ၏ ဝါစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကူတိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ၌ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဝင်ငွေတိုးစီမံကိန်းသင်တန်းမှ ထူးချွန်သူသင်တန်းသားငါးဦး စပျစ်ဝိုင်ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ ဇေယျာသီရိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသော ရင်ကွဲပင်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာ၌ သားတင်ဦးအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အိမ်ရှင်မဆီစက်တည်ဆောက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်