Skip to main content

ပြည်မြို့ဘူတာ၌ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည် - ရန်ကုန် အမှတ်(၇၂)အစုန် အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိ

ပြည် ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်ဘူတာကြီး၌ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည် - ရန်ကုန်ပြေးဆွဲလျက်ရှိသော အမှတ် (၇၂) အစုန် အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ပြည်ဘူတာ၌ လာမည့်ဩဂုတ် ၂၄ ရက်အတွက် အထက်တန်း (၃ ရက်ကြို)လက်မှတ်စောင်ရေ ၉၀၊ ၂၃ ရက်အတွက် (၂ ရက်ကြို) လက်မှတ်စောင်ရေ ၄၂ စောင်နှင့် ၂၁ ရက်အတွက် အထက်တန်း (၁ ရက်ကြို) လက်မှတ် ၂၅ စောင်တို့ကို ခရီးသွားပြည်သူများအား ရောင်းချပေးလျက်ရှိပြီး ရိုးရိုးတန်းလက်မှတ်များကို ဩဂုတ် ၂၂ ရက်အတွက် (၁ ရက်ကြို) လက်မှတ်စောင်ရေ ၂၀၀ နှင့် ယနေ့ ၂၁ ရက်အတွက် နေ့ချင်းလက်ကျန် ရိုးရိုးတန်းလက်မှတ်စောင်ရေ ၁၅၈ စောင်အား တန်းစီစနစ်ဖြင့် စာရင်းကောက်ယူ၍ စိစစ်ရောင်းချပေးနေကြောင်းနှင့် လက်မှတ်ခဈေးနှုန်းမှာ ရန်ကုန်သို့ အထက်တန်းငွေကျပ် ၁၀၀၀၀ နှင့် ရိုးရိုးတန်းငွေကျပ် ၅၀၀၀ ဖြစ်ကြောင်း သိရသည်။

ရောင်းချပေးမည်ဖြစ်

ထိုသို့ ရထားလက်မှတ်များရောင်းချပေးရာတွင် ခရီးသည်တစ်ဦးလျှင် ခရီးသွားမည့်သူ ကိုယ်တိုင်အပါ အထက်တန်းသုံးစောင်၊ ရိုးရိုးတန်းငါးစောင် ရောင်းချပေးခြင်းဖြစ်ပြီး မှတ်ပုံတင်မူရင်းဖြင့် ဝယ်ယူရမည်ဖြစ်ကာ လက်မှတ်များကို နေ့စဉ် နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ်နှင့် နေ့ချင်းလက်ကျန် လက်မှတ်များကျန်ရှိနေသေးပါက ည ၇ နာရီတွင် တစ်ကြိမ်ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်းနှင့် လက်မှတ်များကို လက်မှတ်ရုံတွင် တိုက်ရိုက်ဝယ်ယူရမည်ဖြစ်ပြီး အဆင်မပြေမှုများရှိပါက ရုံပိုင်ကြီး(အထူးတန်း) ပြည်ဘူတာထံတွင်လာရောက်အကူအညီတောင်းခံနိုင်‌ကြောင်းနှင့် ရထားထွက်ချိန်မှာ နေ့စဉ်ည ၉ နာရီတိတိဖြစ်ကြောင်း မြန်မာ့မီးရထား ပြည်ဘူတာမှသိရသည်။

ကိုဆက်(ပြန်/ဆက်)