Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဩဂုတ် ၂၁

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်ကာ မြန်မာ - လာအို - ထိုင်းသုံးနိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် သွားရောက်၍ မြစ်ကြောင်းတစ်လျှောက်တွင် ပြည်တွင်းခရီးသွားဧည့်သည်များ သွားရောက်အပန်းဖြေ လည်ပတ်နိုင်ရေးအတွက် ဖော်ထုတ်ဆောင်ရွက်နိုင်မှုအခြေအနေများ၊ မြန်မာ - လာအို - ထိုင်းသုံးနိုင်ငံ နယ်စပ်တစ်လျှောက် အပျော်စီးမြစ်ကြောင်း လေ့လာရေးခရီးစဉ်များ ဖော်ထုတ်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ Golden Triangle Paradise Resort ဟိုတယ်သို့သွားရောက်ကာ ဟိုတယ်ဝင်းအတွင်း မဲခေါင်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုမဖြစ်စေရေး မြေထိန်းနံရံဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာ - လာအို နယ်နိမိတ်မြစ်၊ မဲခေါင်မြစ်၏ မြန်မာဘက် ကမ်းရေတိုက်စားမှုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်