Skip to main content

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၂၁

အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးကြည်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှဆပ်ကော်မတီ အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ဆွေးနွေး

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများနှင့် စပ်လျဉ်း၍ လုပ်ငန်းစီမံချက်ပါ ကျူးလွန်သူကို တရားစွဲဆိုခြင်း၊ ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း၊ လိုအပ်သော ထောက်ပံ့ကူညီမှုများပံ့ပိုးပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးလုပ်သားစစ်တမ်း ၂၀၂၃-၂၀၂၄ အစီရင်ခံစာအရ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ကလေးသူငယ် ၃၉ ဦးကို လူမှုဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စိတ်လူမှုပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အရည်အသွေးပြည့်ဝသော လုပ်သားကောင်းများ ရရှိစေရေးအတွက်လည်း လူငယ်သင်တန်းကျောင်းများရှိ ကျောင်းသား ကျောင်းသူများအတွက် သက်မွေးပညာသင်တန်းများကို သင်ကြားလေ့ကျင့်ပေးလျက်ရှိပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်း ကော်မတီများမှလည်း ပူးပေါင်းဆောင်ရွက် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲများ အနေဖြင့်လည်း ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၃ လပတ်အထိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲ ၂၅ ကြိမ်ကို တက်ရောက်သူ ၂၂၁၈ ဦးဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တက်ရောက်လာသူများအနေဖြင့်လည်း ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးနိုင်သည်များကို ဆွေးနွေးပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)က အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဒုတိယငါးနှစ်စီမံချက်အတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ရန်လို

ထို့နောက် ဒုတိယဝန်ကြီးက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအပြင် စက်ရုံ၊ အလုပ်ရုံများအပါအဝင် ကလေးသူငယ်များ အလုပ်လုပ်နေသည့် နေရာများအထိ သွားရောက်ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ပံ့ပိုးပေးနိုင်မည့် နည်းလမ်းများတွင် အသက်မွေးဝမ်းကျောင်းပညာများကို အသုံးချအလုပ်လုပ်နိုင်သည်အထိ အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးရန် အလေးပေး၍ ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်