Skip to main content

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဥပဒေအား အသစ်ပြဋ္ဌာန်းရမည်

နေပြည်တော် ဩဂုတ် ၂၁

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၅)ရပ်မှဥက္ကဋ္ဌနှင့် အတွင်းရေးမှူးငါးဦး၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကိုးဦး၊ အထူးဖိတ်ကြားထားသူနှစ်ဦး စုစုပေါင်း ၃၂ ဦး တက်ရောက်ခဲ့ကြသည်။    

ညှိနှိုင်းပူးပေါင်းဆောင်ရွက်

အစည်းအဝေးတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၉-၂၀၂၃) သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် မဟာဗျူဟာ အကောင်အထည် ဖော်မှုကာလပြီးမြောက်ခဲ့ပြီးဖြစ်၍ ဒုတိယဝန်ကြီး ဦးဆောင်သည့် အမျိုးသားအဆင့် မဟာဗျူဟာ ပြန်လည်သုံးသပ်ရေးကော်မတီအား ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး မဟာဗျူဟာအပေါ် ပြန်လည်သုံးသပ်ခြင်း၊ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄- ၂၀၂၈) မူကြမ်းရေးဆွဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါမူကြမ်းအား ယခုအစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်း၊ မူကြမ်းအတည်ပြုပြီးပါက မဟာဗျူဟာပါ ရည်မှန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းကောင်းဖြင့် ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း။

တစိုက်မတ်မတ် အားစိုက်ဆောင်ရွက်

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် FATF က မြန်မာနိုင်ငံကို ဆုံးရှုံးနိုင်ခြေမြင့်မားပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့် ဒေသများစာရင်းသို့ ပြောင်းလဲ သတ်မှတ်ခဲ့ပါကြောင်း၊ FATF ၏ မြန်မာနိုင်ငံအပေါ် လိုက်နာမှုအားနည်းချက် ရှစ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်သော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့အနေဖြင့်လည်း တစိုက်မတ်မတ် အားစိုက်ဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန် ၂၈ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် FATF မျက်နှာစုံညီအစည်းအဝေး၏ ထုတ်ပြန် ချက်အရ အလေးထားစိစစ်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်းမှ ပြောင်းလဲပေးခြင်းမရှိကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း တိုးတက်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခြင်းမရှိပါက FATF မှ တိုးမြှင့်အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် စဉ်းစားသွားမည်ဟု ဖော်ပြခဲ့ကြောင်း။

ထို့ကြောင့် တိုးတက်ဆောင်ရွက်မှုများ ပြသနိုင်ရန် FATF ၏ Action Plan တွင် ပါရှိသည့် အချက်များဖြစ်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်နိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအားပြင်ဆင်ရန်နှင့် သက်သေခံပစ္စည်း စီမံထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး ဥပဒေအား အသစ်ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမတိုင်ခင် တိုးတက်မှုပြသနိုင်ရန် Action Plan တွင် ပါရှိသည့်အချက်များကို သက်ဆိုင်ရာဌာနများအလိုက် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ်(၅)ရပ်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးဆိုင်ရာလုပ်ငန်းအဖွဲ့တို့မှ တက်ရောက်လာသူများက မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၄-၂၀၂၈) (မူကြမ်း)အား အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်