နေပြည်တော် စက်တင်ဘာ ၁၅
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် နိုင်ငံ အရပ်ရပ်၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် (၂၂) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင် ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ်တွင် ဘယ်လ်ဂျီယံမှ (၁)ဦး၊ ဘရာဇီးလ်မှ (၄)ဦး၊ အင်ဒိုနီးရှားမှ (၄)ဦး၊ အစ္စရေးမှ (၁)ဦး၊ အီတလီမှ (၄)ဦး၊ မွန်ဂိုလီးယားမှ (၃)ဦး၊ နော်ဝေမှ (၁)ဦး၊ ကိုရီးယားမှ (၇၁)ဦး၊ ဗြိတိန်မှ (၄)ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၀)ဦး၊ ဗီယက်နမ်မှ (၄)ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀၇) ဦး လိုက်ပါလာခဲ့သည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄)ရက် နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု (၇) ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေး လျက် ရှိရာ ယနေ့အချိန်ထိ ကယ်ဆယ်ရေး လေယာဉ်/ အထူးလေယာဉ်များဖြင့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၅,၂၂၅ ဦး ပြန်လည်ခေါ်ဆောင်ခဲ့ ပြီးဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)