Skip to main content

ရွှေဘိုမြို့တွင် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်

နေပြည်တော် ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် စစ်ရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၁၇ ရက်နေ့တွင် ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဩဂုတ် ၁၇ ရက်နေ့က စစ်ရှောင်ပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည့် သတင်းမှာမှန်ကန်မှုမရှိကြောင်း၊ PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူများအသွင်ဆောင်၍ မြို့ရွာများအတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းကြောင့် တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများနှင့် အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရေးသားထားသည့် လုပ်ကြံသတင်းများကိုသာ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။