Skip to main content

ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ ကျင်းပ

မန္တလေး ဩဂုတ် ၁၉

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး မန္တလေးတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီများ၊ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့်တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းမေးခွန်းပါအကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ကောက်ယူနိုင်မှသာ အရည်အသွေးကောင်းမွန်ပြီး အောင်မြင်မည်ဖြစ်ရာ စာရင်းစစ်၊ စာရင်းကောက်များ၏ အရည်အချင်းပြည့်ဝမှုနှင့် ကြိုးစားအားထုတ်မှုတို့၏ အခန်းကဏ္ဍသည် အထူးပင်အရေးကြီးကြောင်း၊ သင်တန်းကာလမှာ ၁၀ ရက်တာဖြစ်ပြီး သင်တန်းသားအများစုသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုအတွေ့အကြုံများ ရှိပြီးသားဖြစ်သည့်အတွက် သင်တန်းက ဆွေးနွေးပို့ချချက်များ၊ အတွေ့အကြုံများ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့် ပေါင်းစပ်ပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် သန်းခေါင်စာရင်းဆိုင်ရာ TV Spot အား ပြသပြီးနောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဝေဇင်ထွန်းက သင်တန်းသားတစ်ဦးအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသော သန်းခေါင်စာရင်းလူထုအသိပညာပေး လှုံ့ဆော်ရေးပစ္စည်းများနှင့် သင်တန်းအထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း၊ တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း၄၃၀၀ ကျော် ခန့်ထားပြီးဖြစ်ကြောင်းနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်