Skip to main content

တနင်္သာရီတိုင်းဒေသကြီး၌ မိုးစပါးစိုက်ဧက ၁၉၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ထားဝယ် သြဂုတ် ၁၉

၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက ၂၂၂၇၁၇ ဧက လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၈ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရှိ ခရိုင် လေးခရိုင်၊ မြို့နယ် ၁၀ မြို့နယ်၌ စုစုပေါင်းမိုးစပါး စိုက်ဧက ၂၂၂၇၁၇ ဧက လျာထားဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၅ ရက်အထိ ၁၉၇၄၄၁ ဧက၊ ရာခိုင်နှုန်းအနေဖြင့် ၈၈ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ “အခုနှစ်မှာလည်း မိုးစပါးစိုက်ဧကများ လျာထားပြည့်မီစိုက်ပျိုးနိုင်ရေးနဲ့ ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိစေဖို့အတွက် ခရိုင် လေးခရိုင်၊ မြို့နယ် ၁၀ မြို့နယ်က အကျိုးဆောင်တောင်သူများအား စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့များကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် ယူရီးယားဓာတ်မြေသြဇာများကိုလည်း စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်း၊ တောင်သူ နည်းပညာပေးသင်တန်းများ၊ တောင်သူပညာပေးဆွေးနွေးပွဲများ၊ ကွင်းသရုပ်ပြပွဲများ၊ ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်’’ ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ရာသီအတွင်း ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြစိုက်ခင်းများကို တစ်မြို့နယ်တွင် ကျေးရွာတစ်ရွာနှုန်းဖြင့် မြို့နယ် ၁၀ မြို့နယ်တို့၌ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခင်နှစ်က တစ်မြို့နယ် တစ်ရွာနှုန်းဖြင့် ကျေးရွာပေါင်း ၁၀ ရွာ၌ စပါးစိုက်ဧက ၂၇၇၀ ဒသမ ၂၀ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း တစ်မြို့နယ်တစ်ရွာနှုန်းဖြင့် စုစုပေါင်းကျေးရွာ ၁၀ ရွာ၌ ဧက ၂၈၂၀ ကို တိုးချဲ့စိုက်ပျိုးနိုင်ကြောင်း သိရသည်။

‘‘အခုနှစ် တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးရာသီချိန်မှာ မိုးစပါးစိုက်ဧက ၂၆၄၅ ဧကခန့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုရှိခဲ့ပါတယ်။ ရေကြီးနစ်မြုပ်စပါးစိုက်ဧကအားလုံးကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးရန်ပုံငွေနဲ့ အစားထိုးပြန်လည်စိုက်ပျိုးခဲ့ရာမှာ အခုသြဂုတ်လ ၁၉ ရက်နေ့မှာတော့ ပျက်စီးခဲ့တဲ့ ၂၆၄၅ ဧကအားလုံးကို ပြန်လည်အစားထိုးစိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်’’ ဟု တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောကြားသည်။

ယခင်နှစ် မိုးစပါးစိုက်ရာသီတွင် တနင်္သာရီတိုင်းဒေသကြီး၌ မိုးစပါးစိုက်ဧကပေါင်း ၂၂၂၇၁၇ ဧက စိုက်ပျိုးခဲ့ရာတွင် စပါးအထွက်နှုန်းအနေဖြင့် တစ်ဧက ၇၂ ဒသမ ၄၀ တင်း၊ စုစုပေါင်းစပါး ၁၆၁၂၉၄၀၉ တင်း ထွက်ရှိခဲ့ပြီး နွေစပါးစိုက်ရာသီတွင် ၈၁၅၄ ဧကစိုက်ပျိုးခဲ့ရာတွင် တစ်ဧကအထွက်နှုန်းမှာ ၇၂ ဒသမ ၀၇ တင်း စုစုပေါင်း ၅၈၇၆၃၇ တင်း ထွက်ရှိခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

​မြင့်ဦး (မြိတ်)