Skip to main content

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၇) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၁၉

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၇) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်

ဦးစွာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက တရားရုံးများသည် အမှုများကို ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လူ့အဖွဲ့အစည်းအတွင်း မနှစ်မြို့ဖွယ် မုဒိမ်းမှုများ၊ လူသတ်မှုများစသည့် ကြီးလေးသည့်ပြစ်မှု ကျူးလွန်သူများအပေါ်တွင်လည်း ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ကြရန်လိုကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်သည် အချိန်တိုအတွင်း အမှုများ ပြီးပြတ်သွားသည့်အတွက် တရားမမှုများ မှန်မှန်ကန်ကန်ဖြင့် မြန်ဆန်စွာ ပြီးပြတ်ရေး များစွာအထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေအရ စစ်ဆေးစီရင်ရန် မူပိုင်ခွင့်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို အပ်နှင်းထားပြီးဖြစ်သည့်အပြင် တီထွင်မှုမူပိုင်ခွင့်ဥပဒေအရ စွဲဆိုမှုများ စစ်ဆေးစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကိုလည်း ထုတ်ပြန်ထားပြီးဖြစ်၍ လိုက်နာဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးနေသည့်အမှုများကိုလည်း ကြန့်ကြာမှုမရှိစေဘဲ မှန်ကန်မြန်ဆန်စွာ စစ်ဆေးပြီးပြတ်ရေးအတွက် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သက်သေခံပစ္စည်းများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး တရားရုံးများက မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်ရန်လိုကြောင်း။

ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်

ထို့ပြင် သက်သေခံပစ္စည်း စီမံခန့်ခွဲသည့်အမိန့်အပေါ် တက်ရောက်သည့်အမှုများကိုလည်း အထက်တရားရုံးများက ဦးစားပေးကြားနာဆုံးဖြတ်ပေးရန်လိုကြောင်း၊ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသည့် တရားသူကြီးများအတွက် တရားစီရင်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတိုးတက်စေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိရာ ပြည်ပသို့ အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများနှင့် ပညာသင်စေလွှတ်ခြင်းဖြင့် ဒေသတွင်းတရားစီရင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကျိုးကျေးဇူးများရရှိမည့်အပြင် တရားသူကြီးများ၏ စွမ်းရည်တိုးမြှင့်မှုကဏ္ဍအတွက်လည်း များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မှားယွင်းမှုများ၊ အားနည်းချက်များ မရှိစေရေး အဆင့်ဆင့်အလေးထားစိစစ်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် သေချာစွာစိစစ်ခြင်းမပြုမှုကြောင့် ဌာနအတွက်၊ နိုင်ငံအတွက် ထိခိုက်နစ်နာမှုများ မဖြစ်ပွားစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းကမ်းများကိုလည်း လိုက်နာစောင့်ထိန်းကြရန်နှင့် ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ၊ ဖြောင့်မတ်မှန်ကန်စွာ ထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း ပြော ကြားသည်။

၂၀ ရက်အထိ ကျင်းပမည်

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားရေးဦးစီးမှူးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြပြီး အစည်းအဝေးကို ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်