Skip to main content

တရားမဝင် သစ်မျိုးစုံ၊ ကျောက်စိမ်းများ၊ ဓာတုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ နိုင်ငံခြားငွေကြေးများ၊ ဆိုင်ကယ်နှင့် ယာဉ်များ သိမ်းဆည်းရမိ

နေပြည်တော် သြဂုတ် ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရန်ကုန်လေဆိပ် (ကုန်လှောင်ရုံ) ၌ ခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော လက်ကောက် ၁၂၂ ကွင်း၊ ကျောက်စိမ်းလည်ဆွဲပုတီး (လတ်) ၁၁ ကုံးအပါအဝင် ကျောက်စိမ်းပစ္စည်း ၁၀ မျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၄၂၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သြဂုတ် ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာလှည်းကူးမြို့နယ် မင်းကုန်းကားလမ်းအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် (၂ ဒသမ ၀၁၅) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၇၇၃၂၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆၇၇၃၂၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၁၆ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Foam Slipper ဖိနပ်အရန် ၂၀၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး စုစု ပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၄၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၆ ရက်တွင် ပြည်မြို့ ဆံတော်ရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီ တစ်လီတာပါ ဘူး ၁၁၄၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၃၂၀၀၀)၊ ပြည်မြို့နယ်အတွင်း၌ ပြည်မြို့မှ နတ်တလင်းမြို့သို့ ပို့ဆောင်ရန်ကုန်စည်များ တင်ဆောင်နေသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် ဟင်းသီးဟင်းရွက်ဆီတစ်လီတာပါ ဘူး ၁၂၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၃၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ သြဂုတ် ၁၇ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် သုညဒသမ ၆၁၆ တန်၊ သစ်မာ သုညဒသမ ၈၅၅ တန် (ခန့်မှန်းတန်ဖိုးငွေ ၆၄၁၆၇၂ ကျပ်)ကို သစ်တောဥပဒေအရလည်ကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၂၇၀၈၆၇၂ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့နောက် သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Voxy ယာဉ် တစ်စီးနှင့် Honda Fit ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀) နှင့် ခန္တီးမြို့နယ်အတွင်း၌ လိုင်စင်မဲ့ Kenbo 125 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀) တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကန့်သတ်ထားသော ကုန်ပစ္စည်းများဖြစ်သည့် Propio Phendne ဟု ယူဆရသော ဓာတုဆေးရည်လီတာ ၁၀၂၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၂၀၀၀၀၀)ကို ဓာတုပစ္စည်းနှင့် ဆက်စပ်အန္တရာယ်တားဆီးကာကွယ်ရေးဥပဒေအရလည်းကောင်း၊ ကလေးမြို့နယ် ဒိုးဝိုင်းချောင်းကျေးရွာ၌ တရားမဝင်နိုင်ငံခြားငွေဖြစ်သည့် အိန္ဒိယနိုင်ငံသုံး ရူပီး ၅၀၀ တန် အရွက် ၈၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၈၀၀၀၀၀၀) ကို နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၅၅၀၀၀၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ သြဂုတ် ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၇ မှု (ခန့်မှန်းတန်ဖိုးငွေ ၃၂၀၇၂၃၈၇၂ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်